နေပြည်တော်  ၂၈  ဩဂုတ် 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာ မီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်စိုးစိုးအုန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များက အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး ကြသည်။


စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်  ၁၀၅ ဒသမ ၆ ကီလိုဝပ်နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ကန်းတောကျေးရွာ ဆိုလာ အသေးစားဓာတ်အားပေးစနစ် ၁၀၆ ကီလိုဝပ် တည်ဆောက်ခြင်းလုပ်ငန်းကို Mega Global Green Automation ကုမ္ပဏီကလည်းကောင်း ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကောမယ်ကျေးရွာ  ဆိုလာအသေးစားဓာတ်အားပေးစနစ် ၆၁ ဒသမ ၄၄ ကီလိုဝပ်နှင့် တော်ကာကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် ၆၁ ဒသမ ၄၄ ကီလိုဝပ် တည်ဆောက်ခြင်းလုပ်ငန်းကို Techno-Hill ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ အသေးစားဓာတ်အားပေးစနစ်များမှ အိမ်ခြေပေါင်း ၉၀၀ ခန့် လျှပ်စစ်ဓာတ်အား ၂၄နာရီသုံးစွဲနိုင်မည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများပါ တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။


အဆိုပါ ဆိုလာအသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ကျေးလက်နေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်

 

a32