မိုဂါဒစ်ရှူး အောက်တိုဘာ ၁၂
ဆိုမာလီယာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကာလအတွင်း မိုးခေါင်မှုနှင့် ဆက်နွှယ်သည့် ဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းအခြေချသူ အရေအတွက်သည် ၁ ဒသမ ၁၇ သန်းကျော်အထိ တိုးလာခဲ့ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။
ဆိုမာလီယာနိုင်ငံ၌ ယခုနှစ် စက်တင်ဘာလ အတွင်း မိုးခေါင်မှုကြောင့် လူပေါင်း ၆၈၃၉၃ ဦး ရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းတိုးလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံးက ပြောကြားသည်။
ဆိုမာလီယာနိုင်ငံသည် နှစ်နှစ်ကြာသမိုင်းဝင် မိုးခေါင်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဆိုမာလီယာနိုင်ငံ၌ ယင်းသို့ မိုးခေါင်မှုမျိုး ကြုံတွေ့ခဲ့ခြင်းမရှိခဲ့ဖူးကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
ရွှေ့ပြောင်းရသူ တစ်သန်းကျော်ရှိ
ဆိုမာလီယာနိုင်ငံ၌ ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးသောကြုံတွေ့ခဲ့သည့် ယခုမိုးခေါင်မှု ဒဏ်ကို ဆိုမာလီနိုင်ငံသား ၇ ဒသမ ၈ သန်းခန့် ခံစား ခဲ့ရပြီး ဩဂုတ်လအတွင်းက မိုးခေါင်းမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူ ၉၉၀၀၀ နီးပါး အပါအဝင် ရွှေ့ပြောင်းရသူ တစ်သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
ဆိုမာလီယာနိုင်ငံ၌ နောက်ဆုံးငတ်မွတ်မှုဒဏ် ခံရခြင်းမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပြီး အဆိုပါ ငတ်မွတ်မှု ဒဏ်ကြောင့် လူပေါင်း ၂၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်