မိုဂါဒစ်ရှူး    အောက်တိုဘာ    ၁၂

ဆိုမာလီယာနိုင်ငံ၌ ၂၀၂၁  ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ  ကာလအတွင်း မိုးခေါင်မှုနှင့်  ဆက်နွှယ်သည့်    ဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းအခြေချသူ           အရေအတွက်သည်  ၁   ဒသမ  ၁၇    သန်းကျော်အထိ     တိုးလာခဲ့ကြောင်း ကုလသမဂ္ဂက      အောက်တိုဘာ   ၁၁   ရက်တွင် ပြောကြားသည်။

ဆိုမာလီယာနိုင်ငံ၌  ယခုနှစ်  စက်တင်ဘာလ အတွင်း မိုးခေါင်မှုကြောင့် လူပေါင်း ၆၈၃၉၃ ဦး ရွှေ့ပြောင်းခဲ့ရခြင်းကြောင့်   ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းတိုးလာကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံးက ပြောကြားသည်။ 

ဆိုမာလီယာနိုင်ငံသည် နှစ်နှစ်ကြာသမိုင်းဝင် မိုးခေါင်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဆိုမာလီယာနိုင်ငံ၌ ယင်းသို့ မိုးခေါင်မှုမျိုး     ကြုံတွေ့ခဲ့ခြင်းမရှိခဲ့ဖူးကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ 

ရွှေ့ပြောင်းရသူ တစ်သန်းကျော်ရှိ

ဆိုမာလီယာနိုင်ငံ၌ ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးသောကြုံတွေ့ခဲ့သည့်  ယခုမိုးခေါင်မှု ဒဏ်ကို ဆိုမာလီနိုင်ငံသား ၇ ဒသမ ၈ သန်းခန့် ခံစား ခဲ့ရပြီး   ဩဂုတ်လအတွင်းက   မိုးခေါင်းမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူ ၉၉၀၀၀ နီးပါး အပါအဝင် ရွှေ့ပြောင်းရသူ        တစ်သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
ဆိုမာလီယာနိုင်ငံ၌ နောက်ဆုံးငတ်မွတ်မှုဒဏ် ခံရခြင်းမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပြီး အဆိုပါ ငတ်မွတ်မှု ဒဏ်ကြောင့် လူပေါင်း ၂၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်