ဆွမ်ပရာဘွမ်  ၁၃  စက်တင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းဘေး ချစ်သူတံတား အနီးတွင် ကျန်းမာရေးစစ်ဆေးဂိတ်ကို စက်တင်ဘာ ၁၂ ရက်နံနက် ၈ နာရီခန့်က စတင်ပြုလုပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတစ်ကျော့ပြန်မြင့်မားလာသည့်အတွက် ခရီးသွားပြည်သူများကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်စေရန် Mask တပ်ဆင်ခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့် ခရီးစဉ်များအား မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါဆင့်ပွားကူးစက်မှုမရှိစေရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်ထားရှိကာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ် ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည် စည်းကမ်းများ ပြောကြားပေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)