စစ်ကိုင်း ၉ ဇွန်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရှိ ဆွမ်းဦးပုညရှင်စေတီ “မိုးရာသီအလှ” ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို ဆွမ်းဦးပုညရှင် ဂေါပကအဖွဲ့နှင့် စစ်ကိုင်းဓာတ်ပုံအသင်းတို့ ဦးစီး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ၂၀၁၈ ခုနှစ်အတွင်းက ရိုက်ကူးထားသော ဓာတ်ပုံများလည်း အကျုံးဝင်ကြောင်း၊ မည်သည့် နေရာမှမဆို ဆွမ်းဦးပုညရှင် စေတီပေါ်လွင်အောင် ရိုက်ကူးထားသောပုံများနှင့် ဘုရားရင်ပြင်တော်မှ မြင်ကွင်းများလည်း အကျုံးဝင်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ပြိုင်ပွဲတွင် Drone ကင်မရာမှအပ မည်သည့် ကင်မရာအမျိုးအစားမဆို ရိုက်ကူးယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများကို (၁၀×၁၄) လက်မ၊ (၁၀×၁၅) လက်မအရွယ် ကာလာရောင်စုံ ပုံအရေအတွက် အကန့်အသတ်မရှိ ပေးပို့နိုင်ကြောင်း သိရ သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဇူလိုင် ၇ ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ စစ်ကိုင်းဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးမန်းအောင် (ရွှေမင်းဝံ) ထံသို့ ပေးပို့ရမည်ဖြစ်သည်။
စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင်စေတီ “မိုးရာသီအလှ” ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ၏ ပြိုင်ပွဲဝင်ဓာတ်ပုံများ ဆုရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၉ ရက်တွင် ဆွမ်းဦးပုညရှင် စေတီတော်၌ ကျင်းပသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၄ ရက်တွင် ဆွမ်းဦးပုညရှင်စေတီတော်၌ပင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင်စေတီ “မိုးရာသီအလှ” ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးဆု တစ်ဆုလျှင် ငွေကျပ် တစ်သိန်း၊ ဂေါပကအဖွဲ့ အကြိုက်ဆု ငါးဆု တစ်ဆုလျှင် ငွေကျပ် ငါးသောင်းတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ကိုမင်း(အင်းတော်)