စစ်ကိုင်း ၁၂ ဇူလိုင် 


စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏ ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူသွား မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။


ဆွမ်းဦးပုညရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလပြည်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)၌  ကျင်းပလေ့ရှိပြီး ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာဆရာတော် အပါး ၇၀ဝ တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုလှူဒါန်းခြင်း၊ စစ်ကိုင်းမြို့ရှိ ဆွမ်းတော်ကြီး ဝတ်အသင်းများမှ ဆွမ်းဦးပုညရှင်စေတီတွင် ဆွမ်းကြီးလောင်းလှူခြင်းများ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်လှ က ပြောသည်။


''ဝါဆိုလဆန်း ၁၄ ရက်နေ့ကျ စစ်ကိုင်းမြို့က ရပ်ကွက်တွေ၊ ကျောင်း၊ ချောင်တွေက ဆွမ်းတော်ကြီး လာကပ်လှူပူဇော်ကြတယ်။ ဆွမ်းတော်ကြီးလာပို့တဲ့ သူတွေကို ဘုရားဂေါပကအဖွဲ့နဲ့ စေတနာရှင် အလှူရှင်တွေက စားသောက်ဖွယ်ရာတွေနဲ့ ပြန်လည် ဧည့်ခံပါတယ်။ လပြည့်နေ့ နံနက်ပိုင်းအချိန်ကျ ပင့်သံဃာ အပါး ၇၀ဝ ကို ဂေါပကအဖွဲ့နဲ့ စေတနာရှင်၊ အလှူရှင်တွေက ဆွမ်းကြီးလောင်းလှူပါတယ် "ဟု ၎င်းက ပြောသည်။


စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲ၏ ပထမဆုံးပွဲဖြစ်သော စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ အနယ်နယ်အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်းလာရောက်ကပ်လှူသူများ၊ ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။


ခိုင်ဇေယျ