မြောင်းမြ      ၁  စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဆန်စက်များမှ စပါးခွံများကို မြစ်အတွင်း စွန့်ပစ်မှုများ ရှိနေသည့်အတွက် မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် တာဝန်ရှိသူများက ယမန်နေ့က ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်မှုကို မြောင်းမခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ၊ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ၊ ရပ်ကွက် တာဝန်ရှိသူများက မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာရှိ ဆန်စက်တစ်ခုက စွန့်ပစ်ရေဆိုးမြောင်းနှင့် ရေပိုက်မှ စပါးခွံများ မြစ်အတွင်း စွန့်ပစ်မှုကို ကြည့်ရှုစစ်ဆေးတားမြစ်ခဲ့ပြီး မြစ်ချောင်းများ သဘာဝဂေဟစနစ် မပျက်သုဉ်းရေးအတွက် တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြောင်းမြမြို့နယ်အတွင်း ဒေသထွက် ဆန်စပါးကြိတ်ခွဲရန် မှတ်ပုံတင်ထားရှိပြီးသော ဆန်စက် အကြီး ၆၅ လုံးရှိပြီး မြစ်ချောင်းများအတွင်း စပါးခွံများ ၊ Bio GAS စွန့်ပစ်ပစ္စည်းများ စက်ဖွဲပြာများ စွန့်ပစ်မှုမပြုလုပ်ရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

 

ခရိုင်ပြန်ဆက်