နေေပြည်တော် ၁၆ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ထုတ်ပေးနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုစုတင်ပြထားသည့် မဲစာရင်းများအရ ဆောင်ရွက်ပေးရမည့်ဒေသများအား အသေးစိတ်ပြုစု၍ ကွင်းဆင်းဆောင်ရွက်ပေးမည့်အစီအစဉ်၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်ပေါင်းစပ်၍ လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုနှင့် အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။
ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ယင်းနေ့ မွန်းလွဲ ၂ နာရီကလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးစောနိုင်က လက်ရှိနိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ခရိုင်ဦးစီးမှူးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက မိမိတို့ဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ယခင်ကတည်းက စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာ ရုံးအသီးသီး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လို အပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မဲပေးခွင့်ရှိသူစာရင်း မှန်ကန်စွာ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ညှိနှိုင်းပေါင်းစပ်ကာ ကွင်းဆင်းဆောင်ရွက် ပေးရမည့်နယ်မြေများအား စီမံချက်ရေးဆွဲဆောင် ရွက်ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားဒေသများမှ ရွှေ့ပြောင်းနေထိုင်သူများအတွက်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ကာမှန်ကန်သောစာရင်းများ ရရှိိစေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေအနေ အရပ်ရပ်အား ဘက်ပေါင်းစုံမှ သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်ပေးထားသည့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ကွန်ပျူတာစနစ်ဖြင့် ပြန်လည်ဖြည့်သွင်း မှတ်တမ်းတင်ဆောင်ရွက်နေမှုလုပ်ငန်းစဉ်အား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကိုမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


