ဆင်ပေါင်ဝဲ ၂၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ဇောင်ချမ်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကို အထက်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းမုဒ်ဦး ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၊ ခရိုင်ပညာရေးမှူး ဦးသောင်းစိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများက အသီးသီး အမှာစကားပြောကြားခဲ့ကြပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျောင်းသမိုင်းနှင့် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာ ကျောင်းသူလေးများနှင့် ဆရာမများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
နေခြည် (ဆင်ပေါင်ဝဲ)


