ဆင်ပေါင်ဝဲ ၇ စက်တင်ဘာ
နိုင်ငံတော်မှ ချမှတ်ထားသော COVID-19 Economic Relief Plan (CERP) အစီအစဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နှင့် ဝင်ငွေရရှိစေဖို့ Cash for Work စီမံကိန်းကို နိုင်ငံနှင့်အဝှမ်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မွှန်းညောင်ပင်သာကျေးရွာ ကျေးရွာအဝင်လမ်း အရှည် ၆၀ဝ ပေ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် ဇူလိုင်လ စတုတ္ထအပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြ၍ သိရသည်။
“လုပ်ငန်းတွေဆောင်ရွက်တဲ့အခါ ခွင့်ပြုငွေ၏ ၆၀ ရာခိုင်နှုန်းကို လုပ်အားခပေးချေပါတယ်၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို လုပ်ငန်းသုံး ပစ္စည်းဝယ်ယူတာအတွက် အသုံးပြုပါတယ်၊ လုပ်ငန်းကိုတော့ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တာပါ၊ လုပ်အားခကို ချက်ချင်းပေးချေတဲ့ စနစ်နဲ့ ကျေးရွာသူ ကျေးရွာသားတွေ မိသားစုဝင်ငွေရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စနစ်မျိုးဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် မွှန်းညောင်ပင်သာ အပါအဝင် ထောက်မ၊ ဇောင်းတန်းလေး၊ စာရပေ(အရှေ့)၊ လယ်ကြီးကိုင်း၊ သစ်တဗွေ၊ အင်ပင်လှ၊ ဒဂုံမှော်၊ မြောက်မီးကုန်း၊ သပြေစမ်း စသည့် ကျေးရွာ(၁၀)ရွာ တို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းလွင်(မကွေး)


