ငါ့သရောက် ၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဆင်သားမွေး ကျေးရွာသူ ရွာသားများ သောက်သုံးရေအဖြစ် အသုံးပြုသည့် မြေသားရေလှောင်ကန်ကြီးအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မှ ဇွန်လ ၁၂ ရက်နေ့က စတင်၍ မြေသားရေလှောင်ကန် ပြုပြင်ဆယ်ယူခြင်းများ ဆောင်ရွက်ခဲ့ရာ ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) က ဦးစီးအရာရှိ ဒေါ်လှိုင်ဝေဝေဦးက ပြောပြသည်။
အဆိုပါ ဆင်သားမွေး ကျေးရွာ မြေသားရေလှောင်ကန်ကြီးသည် ဆင်သားမွေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ တဲတိုက်များ ထန်းသမားမိသားစုများ မှီခိုအားထားနေသည့် ရေကန်ကြီးဖြစ်ရာ ယမန်နှစ်နွေရာသီမှ စတင်ရေခန်းခြောက်သွားသဖြင့် သောက်ရေအတွက် အခက်အခဲဖြစ်နေခဲ့ခြင်းဖြစ်သည်။
ပြုပြင်ဆောင်ရွက်ခြင်း ပြီးစီးသွားပြီဖြစ်သဖြင့် ယခုနှစ်မိုးရေဝင်ရောက်ခဲ့ပါက ဆင်သားမွေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ တဲတိုက်ထန်းတဲများ သောက်ရေလုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆင်သားမွေးကျေးရွာတွင် နေထိုင်သူတစ်ဦးမှ ပြောသည်။
ဆင်သားမွေးကျေးရွာ သောက်ရေမြေသားရေလှောင်ကန်ကြီးသည် ယခင်က ရေဂါလံသန်းပေါင်း(၆)သန်း ဝင်ဆံ့ရာမှ ယခုအခါ ရေဝင်ဧရိယာတိုးချဲ့ခြင်း၊ ရေကန်ဘောင်မြေဖို့ခြင်း၊ ရေဝင်မြောင်း ရေစီးရေဝင် ကောင်းမွန်စေရန် တူဖော်ခြင်းနှင့် ရေကန်ဝင်းအတွင်း မြေကျင်းပေါင်း (၅၀ဝ၀) ကျင်းခန့် ဆယ်ယူရာ ပြီးစီးအောင်မြင်ပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတလန့်ကြားကပြောပြသည်။
မြေသားရေလှောင်ကန်သည် ကန်ဘောင်အလျား ပေ(၁၀၅၀)ပေ၊ ကန်ဘောင်ထိပ် အကျယ်(၁၄)ပေနှင့် ရေနေ (ရေနက်) မှ အမြင့် (၂၃ ပေx၆လက်မ) ရှိကြောင်း သိရပြီး ရေဂါလန်(၈)သန်းအထိ သိုလှောင်ထိမ်းသိမ်းနိုင်ကြောင်း သိရသည်။ ရေလျှံပါက လျှံရေကို အောက်ဘက် ရေကန်ငယ် တစ်ကန်အတွင်း ထပ်ဆင့်ရေဝင်နိုင်ကာ ဒေသအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


