နေပြည်တော် အောက်တိုဘာ၂၇

 

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆင်သေချောင်းအား အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် က ဆင်သေချောင်းတံတား (ကျောက်ချက်) ပြုပြင် မွမ်းမံ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆင်သေချောင်း ဝဲ/ယာတစ်လျှောက် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက ်နေမှုများနှင့် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ဆင်သေချောင်းတစ်လျှောက် ရေကြီးနစ်မြုပ်မှု လျော့နည်း သက်သာစေရေးအတွက် ယခုလက်ရှိအခြေအနေများကို ပြန်လည်တိုင်းတာစစ်ဆေး၍ ချောင်းဖြောင့်ခြင်း လုပ်ငန်းများ ရေလမ်းထိန်းသိမ်းခြင်းလုပ်ငန်းများစသည့် River Tranning လုပ်ငန်းများကို စီမံဆောင် ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆင်သေချောင်းအား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆင်သေချောင်း တံတား (ကျောက်ချက်) သို့ ရောက်ရှိပြီး ဆင်သေချောင်းတံတား(ကျောက်ချက်) ပေ၂၁၀  (၄)လမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဌာနဆိုင်ရာ များနှင့် ပြည်သူများမှ ချောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရာဇဌာနီလမ်းတစ်လျှောက် (ဘောဂသီရိကားဝန်းမီးပွိုင့်)ရှိ လမ်းများ ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် နေပြည်တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ ဆောင်ရွက်နေသော ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်းတွင် သာမိုပလပ်စတစ် ဆေးဖြင့် ယာဉ်အန္တရာယ်ကင်း မျဉ်းရေးဆွဲနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)