ကျောက်ထု  ၁၀  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ကျောက်ထုမြို့သရက်ချဉ်ကျေးရွာရှိ စံပြစိုက်ကွက်တွင် တိုင်းဒေသကြီး၏ အစီအစဉ်ဖြင့် ဆောင်ရွက်သောဆင်းသုခစံပြစိုက်ကွင်း အမှတ်(၅၁) ဦးပိုင်အမှတ် (၇၂)ဦးဉာဏ်ဝင်း၏ လယ်ယာမြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သောလယ်ယာမြေ(၁၀)ဧကတွင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏နည်းပညာပံ့ပိုးမှုဖြင့် အထွက်နှန်းကောင်းစံပြကွက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ စံပြစိုက်ကွက်အား စတင်ပျိုးထောင်စဉ်မှအစ သိပ္ပံနည်းကျ(၁၄)ချက်နှင့်အညီ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ဆင်းသုခစပါးစိုက်ပျိုးရာတွင် ကောက်ကွက်ပြည့်မီရေး၊ သတ်မှတ်ပင်ပွားရရှိရေး၊ ပိုးမွှားကင်းစင်ရေး၊ သတ်မှတ်တစ်နှံအောင်စေ့ပြည့်မီစေရေး၊ ရိတ်သိမ်း ချွေလှေ့ရာတွင် အလေအလွင့် နည်းပါးစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်ဧကမျှော်မှန်းအထွက်နှုန်းတင်း(၁၀၀)ကျော် ရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှုး ဦးကျော်မြင့်၏ ပြောကြားချက် အရသိရသည်။

 

ကျောက်ထုဒေသရှိ လယ်ယာမြေအများစုတွင် ဆင်းသုခမျိုးစပါးကိုသာ အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသောဆန်စပါးများအနက်မှ ဒေသစားသုံးမှုပိုလျှံပါက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့များသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ ဆင်းသုခစပါးမျိုးမှာ စားသုံးသူများ နှစ်သက်ကြကြောင်း သရက်ချဉ်ကျေးရွာနေတောင်သူဦးညဏ်ဝင်း ပြောကြားချက်အရ သိရှိရသည်။

 

မောဟေမာန်၊ ပြန်ဆက်