နေပြည်တော် ၁၅ စက်တင်ဘာ

တောင်သူဉီးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ဆည်မြောင်းစနစ် ဆောင်ရွက်ချက်များ တိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုအပြင် ရေအသုံးချသူများ ပါဝင်သော ပူးပေါင်းစီမံခန့်ခွဲမှုနည်းလမ်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ကို လက်တွေ့အသုံးချဆောင်ရွက်ရာတွင် ရေအသုံးပြုသူတောင်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ရေရယူသည့်သက်ဆိုင်ရာ မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group, WUG) များကို ဌာနမှ ဉီးဆောင်ဖွဲ့ စည်းလျက်ရှိသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ တည်ဆောက်ရေး(၅)မှ ဦးဆောင်ပြီး ပေါင်းလောင်းဆည်ရေသောက်စနစ်တွင် ရေအသုံးပြုသည့်မြောင်းများအလိုက် သက်ဆိုင်ရာ ဆည်ရေသောက် တောင်သူများဖြင့် WUG အဖွဲ့ပေါင်း (၂၁၉) ဖွဲ့ကို တောင်သူ ၃၄၄၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ ပေါင်းလောင်းဆည်ရေသောက်ဧရိယာအတွင်း ဖွဲ့စည်းထားရှိပြီးသည့် WUG အဖွဲ့များသည် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရေပေးလက်တံမြောင်းတစ်ခု၏ ရေသောက်ဧရိယာအတွင်းရှိသော WUG အဖွဲ့များပူးပေါင်း၍ ရေအသုံးချသူများအသင်း (Water User Association, WUA) အဖွဲ့များအဖြစ် တိုးတက်ဖွဲ့စည်းနိုင်ရန် အစည်းအဝေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ကျွန်တော်တို့အနေနဲ့ ပေါင်းလောင်း ဆည်ရေသောက်စနစ် လက်ယာတူးမြောင်းမကြီး၊ လက်တံမြောင်းအမှတ် (၁၀)ရဲ့ ရေသောက် ဧရိယာအတွင်းရှိ တောင်သူတွေ စုပေါင်းပါဝင်တဲ့ WUG အဖွဲ့ပေါင်း (၁၇) ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့တွေကို ပူးပေါင်းပြီး (WUA) အသင်းအဖြစ် တိုးတက်ဖွဲ့စည်းနိုင်ရေးအတွက်  (WUA) ဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် အဆင့်များဖြစ်တဲ့ PIM Guidelines လမ်းညွှန်ချက်နှင့်အညီ ပထမအကြိမ် အသင်းသားစုံညီအစည်းအဝေး ကျင်းပခြင်း၊ အသင်းကို တည်ဆဲဉပဒေများအရ တရားဝင်အသင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခြင်း၊ သင်တန်းများပေးခြင်း၊ ရေစီမံခန့်ခွဲသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့အပြင် (WUA) ဖွဲ့စည်းနိုင်မည့် ဧရိယာရွေးချယ်သတ်မှတ်ခြင်း၊ ရေရရှိမှုအခြေအနေအား အတည်ပြုခြင်း၊ ဖွဲ့စည်းမည့် ဧရိယာအတွင်းရှိ ရေအသုံးချသူများ စာရင်းပြုစုခြင်း၊ တောင်သူများအား (WUA) အကြောင်း မိတ်ဆက်ဆွေးနွေးခြင်း၊ ခေါင်းဆောင်များဖြင့် ဉီးဆောင်သူ ဘုတ်အဖွဲ့ (BOD - Board Of Director) နှင့် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ (MB - Management Board) များ ရွေးချယ်ဖွဲ့စည်းရေး၍ အစည်းအဝေးတွေကို အဆင့်ဆင့် ပြုလုပ်လျက်ရှိပါတယ်။ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ရေအသုံးချသူ တောင်သူများအတွက် ရေရှည်အကျိုး ရှိစေဖို့ဖြစ်ပါတယ်ဟု တည်ဆောက်ရေး(၅)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးလွင်က ပြောသည်။

ယခုကဲ့သို့ ဆည်ရေပေးဝေမှုစနစ်တွင် တောင်သူများ ကိုယ်တိုင်ပါဝင် ဆောက်ရွက်လာနိုင်သည့်အတွက် မိမိတို့ စိုက်ကွင်းဧရိယာများအတွင်း ရေပေး၊ ရေယူစနစ်များကို အကောင်းဆုံး အခြေအနေဖြစ်အောင် ကိုယ်တိုင်ပါဝင်စီမံနိုင်ပြီး မိမိတို့ စိုက်ပျိုးထားသည့် သီးနှံပုံစံနှင့် ကိုက်ညီမှုရှိသော လိုအပ်သည့် ရေပမာဏကို လိုအပ်ချိန် အတိအကျတွင် ဌာနနှင့်အတူ ပူးပေါင်းရယူနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိခံစားလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့  WUA  အသင်းကို သုခုမြိုင်ရေအသုံးချသူများအသင်း” ဟု အမည် ပေးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း WUA  အသင်းဝင် တောင်သူ ဦးတင်ညွန့်က ပြောသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနအနေဖြင့် (WUA) အသင်းများ ဖွဲ့စည်းထူထောင်ရာတွင် စနစ်တကျရှိစေရန် လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက် PIM (Participatory Irrigation Management) Guidelines ကို JICA နှင့်ပူးပေါင်းပြီး ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါ PIM Guidelines လမ်းညွှန်ချက်နှင့်အညီ ဌာနနှင့် Farm Project မှ ပညာရှင်များ ဉီးဆောင်၍ ပေါင်းလောင်းဆည်ရေသောက်စနစ်၏ လက်တံမြောင်းအမှတ်(၁၀)တွင် ယခုကဲ့သို့ (WUA) အသင်း ပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်လျှံ