နေပြည်တော်၊ ဒီဇင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ရေလှောင်တမံ၏ ဆည်ရေဝင်ရောက်မှုနှင့် ရာသီအလိုက် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရေး၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ် မူတည်၍ စိုက်ပျိုးရေစီမံခန့်ခွဲ အသုံးပြုနိုင်ရေးနှင့် အသုံးပြုပြီး ပိုလျှံရေများကို ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းများဖြင့် ပြန်လည်အသုံးပြုနိုင်ရေး၊ တောင်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သော ရေအသုံးချသူများ အဖွဲ့ (WUG) တိုးချဲ့ဖွဲ့စည်းပြီး ဆည်ရေကို ညီညွတ်မျှတအကျိုးရှိစွာ ရယူအသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဒဟတ်ကန်အုပ်စု၊ ဝက်သိုက်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးတောင်သူ ဒေါက်တာချိုသိန်း၏ အသားစားကြက်၊ ဝက်နှင့် ငုံးများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေး တောင်သူများအားတွေ့ဆုံ၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါ ကင်းစင်ရေး၊ မွေးမြူရေး ထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဧည့်ခန်း၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း၌ စိုက်ပျိုး မွေးမြူရေး ဒီပလိုမာ သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာ မွေးမြူရေးတောင်သူ ဦးညွန့်ဝင်း၏ အသားစားကြက်ခြံ၌ အသားစားကြက် မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

သတင်းစဉ်