နေပြည်တော်၊ နိုဝင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အားကစားနည်းပြများနှင့် အားကစားသမားများအတွက် ဂုဏ်ပြုငွေများပေးအပ်ကာ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီရုံးအနီးရှိ ငလိုက် ရာဘာရေလွှဲဆည်ကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးက ငလိုက်ရေ သောက်စနစ်အတွင်း ဒေသစိုက်ပျိုးရေရရှိရေး ၊ စိမ်းလန်းစိုပြည်ရေးအတွက် အကျိုးပြုနိုင်မှု၊ နေပြည်တော် ရာဇဌာနီလမ်းမကြီးနှင့် ပင်လောင်းလမ်းဘေး ဝဲယာ တစ်လျောက်ရှိ စိုက်ပျိုး ဧရိယာများ၏ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီ စိုက်ပျိုးရေပေးဝေရန် စီစဉ်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။ 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ချောင်းမငယ် ဆည်ရေသောက် အဆင့်မြင့်လယ်ယာ ဧက (၂၀၀) စိုက်ကွင်းတွင် ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် စီမံဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော် အစိုးရ၏ ရည်ရွယ်ချက် နှင့် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးထပ်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဆည်ရေသောက်စနစ် အတွင်းရှိ တောင်သူအချင်းချင်း ရာသီအလိုက်သီးနှံပုံစံများ ညှိနှိုင်းတိုင်ပင်၍ ညီညွတ်မျှတသော ရေသောက်စနစ် ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကိုသက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်းသီးနှံ စိုက်ပျိုးကြမည့် တောင်သူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက နေကြာ နှင့် မတ်ပဲမျိုးစေ့များ ပေးအပ်ကြပြီး တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်