ဆုငွေကျပ်သန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်အား ဇွန် ၁ ရက် ထီဖွင့်ပွဲတွင် ချီးမြှင့်ပေးသွားမည်

နေပြည်တော် ၃၀ မေ

 


ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ်တစ်ထောင်တန်ထီဖွင့်ပွဲတွင် ငွေကျပ် သိန်းတစ်သောင်းခွဲဆု (၁)ဆု၊ ကျပ်သိန်းတစ်သောင်းဆု (၁)ဆု အပါအဝင် ဆုငွေကျပ်သန်းပေါင်း ၁ သောင်း ၈ ထောင်ကျော်အား ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ ထုတ်ပြန်ချက်အရ သိရသည်။ 

 


(၄)ကြိမ်မြောက် ကျပ်တစ်ထောင်တန်ထီဖွင့်ပွဲကို ဇွန်လ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ထီဖွင့်ပွဲခန်းမဆောင်၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ အထူးဆုကြီးစနစ်မှ ကျပ် သိန်းတစ်သောင်းခွဲဆု (၁)ဆု၊ ကျပ်သိန်းတစ်သောင်းဆု (၁)ဆု၊ ကျပ်သိန်း ငါးထောင်ဆု (၂)ဆု၊  ကျပ်သိန်း နှစ်ထောင်ဆု (၄)ဆု၊ ကျပ် သိန်းတစ်ထောင်ဆု (၇)ဆုနှင့် ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာ၊ ကျပ်သိန်းနှစ်ရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်းနှစ်ဆယ်၊ ကျပ်ဆယ်သိန်း၊ ကျပ်ငါးသိန်းနှင့် ဝေဝေဆာဆာပဒေသာဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း၊ ကျပ်နှစ်သိန်း၊ ကျပ်တစ်သိန်းနှင့် ကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ 

 


ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ မေလအတွက် ထီလက်မှတ်စောင်ရေ (၃၃၁၃၃၅၅၁) စောင်အား ရောင်းချခဲ့ရပြီး ရောင်းရငွေကျပ် သန်းပေါင်း (၃၀၁၂၁) ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယင်းရောင်းချရငွေထဲမှ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သန်း (၁၈၀၇၂)ကျော်အား ထီကံစမ်းသူ ပြည်သူများသို့ ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ ထုတ်ပြန်ချက်အရ သိရသည်။ 

 


ထီဖွင့်ပွဲတွင် ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်မှ ရောင်းမကုန် ထီလက်မှတ် နံပါတ်ပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ရောင်းမကုန် ထီလက်မှတ် နံပတ်မှ ဆုမဲပေါ်ထွက်လာပါက အဆိုပါ ဆုတန်ဖိုးများအား စုပေါင်းပြီးအခြားသော ဆုမဲများအား အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

 


ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ် (၁၀)သိန်းနှင့်အထက် ကံထူးရှင်များအား ဆုငွေထုတ်ပေးခြင်းကို ဇွန် ၃ ရက်မှ စတင်ကာ နေ့ချင်းပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးကျပ် (၁၀)သိန်းအောက် ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို ဇွန် ၁၁ ရက်မှစတင်ကာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆုငွေများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လျှောက်ထားတင်ပြထုတ်ယူနိုင်ပြီး ကျပ် (၁၀)သိန်းနှင့်အောက် ဆုငွေများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ ပြည်တွင်း အခွန်များဦးစီးဌာန မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

 


ဟန်လင်းနိုင်