ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးစီးကျင်းပသော (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီက ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၌ ကျင်းပသည်။
ဦးစွာ ပင့်ဖိတ်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြသည်။
ယင်းနောက် ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဦးစီးကျင်းပသော (၅၆)ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နံနက် ၉ နာရီအချိန် ဆုတောင်းပြည့်မယ်လမု စေတီတော်ကြီး၌ ဆက်လက်ကျင်းပသည်။
ဆုတောင်းပြည့်မယ်လမုစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာတော်အရှင်သူမြတ် ၁၀၉ ပါးတို့အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပမည်ဖြစ်ရာ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဓမ္မာရုံအဖွဲ့များ၊ ဆွမ်းလောင်းအသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်အပေါင်းတို့မှ ဖုန်း ၀၉ ၇၅၇၀၃၆၁၅၂ ၊ ၀၉၆၉၃၇၄၆၉၄၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် ဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၁၂ ရက်အထိ ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတော်များအား ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


