နေပြည်တော် ၊ နိုဝင်ဘာ ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၃၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမည့် “ စီမံချက် အဆိုပြုလွှာတစ်စောင် ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု” ခေါင်းစဉ်သည် သိသင့်သိထိုက်ပြီး ပြန်လည်အသုံးချနိုင်သည့် အကြောင်းအရာဖြစ်ကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့် စီမံကိန်း/ စီမံချက်၏ အဓိပ္ပါယ်ကိုနားလည်ပြီး စီမံချက်အဆိုပြုလွှာ (Project Proposal) ရေးဆွဲကာ စီမံကိန်းလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ အကောင်းအဆိုးရလဒ်များနှင့် စီမံချက် အကောင်အထည်ဖော်ရာတွင် ရည်ရွယ်ချက်အတိုင်း ပြီးမြောက်အောင်မြင်စေရေးအတွက် အဆင့်ဆင့် စီမံခန့်ခွဲဆောင်ရွက်ရမှုများကိုပါ သိရှိနားလည်လာစေမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ကုမွဏီလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရသောကြောင့် စီမံကိန်း/ စီမံချက်ရေးဆွဲမှုကိုလည်း သိရှိထားသင့်ကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက “စီမံချက် အဆိုပြုလွှာ တစ်စောင်ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက မိမိတို့ဝန်ကြီးဌာန၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံချက်အဆိုပြုလွှာ ရေးဆွဲရေးနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် မမျှော်မှန်းနိုင်သော အခက်အခဲများ နှင့် လက်ရှိရေးဆွဲလျက်ရှိသော စီမံချက်အဆိုပြုလွှာများ၏ အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ပြန်လည်ဆွေးနွေး အသိပညာမျှဝေ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်