နေပြည်တော် စက်တင်ဘာ ၉

 

စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှု အရည်အသွေးနှင့် တောင်သူ့ဝင်ငွေ တိုးတက်ရေးအတွက် နည်းပညာပိုင်းအရ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်၏ သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာကျွမ်းကျင်မှု တိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စက်တင်ဘာ (၇)ရက်တွင် အလယ်အလတ်အဆင့်အရာထမ်းများ မွမ်းမံသင်တန်းကို နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် စီမံခန့်ခွဲမှုစနစ် အားကောင်းလာစေရေးအတွက်  ဝန်ထမ်းဖွဲ့စည်းပုံ တာဝန်ပေးအပ်ရာတွင် ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များ၊ နိုင်ငံ၏စားရေးဝတ်ရေး ဖူလုံစေမှုအတွက် ဆောင်ရွက်လျက်ရှိသည့် ကန်ထရိုက် လယ်ယာစနစ်အပါအဝင် စီမံကိန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးနိုင်ရန် သီးနှံပုံစံများပြောင်းလဲရာတွင်  ဒေသရေမြေနှင့် ကိုက်ညီမှုရှိစေရေး၊ တောင်သူအကျိုးအမြတ်ရှိစေမည့် သီးနှံထုတ်လုပ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မှာကြားခဲ့သည်။

 

စက်တင်ဘာ(၇)ရက်နှင့် (၈)ရက်တို့တွင်ဖွင့်လှစ်သည့် အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေး မှူးများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ပို့ချဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)