နေပြည်တော် ဇန်နဝါရီ ၁၂

 

စီမံကိန်းလုပ်ငန်းများ လမ်းညွှန်ကြီးကြပ်မှုကော်မတီ (Project Monitoring Committee) (၂/၂၀၂၁-၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က သစ်တော ဦးစီးဌာနအနေဖြင့် နိုင်ငံတော်ရန်ပုံငွေဖြင့် သစ်တောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများနှင့် ညီညွတ်မှုရှိစေရန်၊ လက်တွေ့ကျပြီး အကျိုးရှိထိရောက်သည့် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ရန်၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး များစွာရရှိပြီး ထင်သာမြင်သာသည့်ရလဒ်များ ကျန်ရစ်စေရန်တို့ကို  ဦးစားပေးစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း။

 

သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ပူးပေါင်းဆောင်ရွက်ဆဲ စီမံကိန်းအရေအတွက် (၃၇) ခုရှိသည့်အနက် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတကာ ငွေကြေးအထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း (၁၂) ခု၊ NGOs, INGOsများနှင့် အတူ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း (၂၅) ခု ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စီမံကိန်းများ၏ မူလရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ပြီး၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲ ပြဿနာများကို ကြိုတင်စဉ်းစား ပြင်ဆင်မှသာ စီမံကိန်း၏ ရည်မှန်းချက်များကို ပေါက်မြောက် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် သတိပြုပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူအဖွဲ့ဝင်များ တက်ရောက်ကြပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြမှုများအပေါ် ဝိုင်းဝန်းသုံးသပ် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်