မိုင်းယန်း ၂၇ ဇူလိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများအား ဇွန်လဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မိုင်းလွေကျေးရွာတွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅ ဒသမ ၂၁၃ သန်း ဖြင့် အရှည် ၁ မိုင် ၄ ဖာလုံရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း ဂါလံ ၅၀ဝ၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းတို့အား ယခုနှစ် ဇွန်လမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်း ကပြောသည်။
အဆိုပါသောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် ရုံးအဖွဲ့ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး ကျေးရွာရေပေးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းစောင့် ရှောက်အသုံးပြုကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၅၇ အိမ်မှ လူဦးရေ ၁၀၁၅ ဦး တို့၏ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရ သည်။
ငြိမ်းသူ(စလင်း)


