နေပြည်တော် ဇန်နဝါရီ ၁၂

 

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့    လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဉီးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ရှေးဉီးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဉီးရဲတင့်က လူငယ်နှင့် စာပေပွဲတော် ခင်းကျင်းပြမှုများကို ပွဲတော်သို့ လာရောက်သည့် ကျောင်းသားများ၊ မိဘများသာမက နိုင်ငံတစ်ဝန်းမှ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည်များကို ညှိညှိနှိုင်းနှိုင်းဖြင့်   ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော  ဒုတိယဝန်ကြီး ဉီးဇော်ဝင်းနှင့် ဉီးမျိုးလှိုင်၊ နေပြည်တော် ကောင်စီဝင် ဉီးမြင့်စိုးတို့က နေပြည်တော်အတွင်းရှိ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းမိသားစုများ ဖိတ်ကြားရေး၊ ပြခန်းတစ်ခု၏ ဝင်ဆန့်နိုင်မှု အင်အားနှင့် ပြသချိန်များအပါအဝင် ပွဲတော်တွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက်  လုပ်ငန်းကော်မတီ အတွင်းရေးမှူး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအေးကြွယ်က   လူငယ်နှင့်စာပေပွဲတော် ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့သည်။

 

ပြန်ကြားရေးဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လည်းကောင်း စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇန်နဝါရီ ၂၉ ရက် မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်တွင် လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊ သမိုင်းဝင် စာချုပ်စာတမ်းများ ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ အားကစားလှုပ်ရှားမှုပြခန်း၊ ကာတွန်းဓာတ်ပုံ ပြခန်းပြသခြင်း၊   ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊   ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပြခန်းများ ခင်းကျင်းပြသခြင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြခန်း၊ ကလေးငယ် တစ်ဉီးချင်းပြိုင်ပွဲများအဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားခြင်း၊ အဖွဲ့လိုက် ပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုး၊ အာလူးကောက်၊ ခါးလှည့်ကွင်း၊ စကောရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၍ လမ်းလျှောက်ခြင်း၊ ဘောလုံးညှပ် လမ်းလျှောက်ခြင်းပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ စသည်ဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်