ကျောက်ဖြူ ၂၇ ဇူလိုင်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့်အဖွဲ့သည် ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ မြန်မာလေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ပြီး၊ China International Trust And Inverstment Company (CITIC Group) မှ တီရှပ်အင်္ကျီများလှူဒါန်းသည့် အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်၌ ပြုလုပ်သောအခမ်းအနားသို့ တရုတ်သံအမတ်ကြီးနှင့်အဖွဲ့ တက်ရောက်သည်။
အခမ်းအနားကို ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ယခုခရီးစဉ် ပထမဆုံး ပြည်တွင်းခရီးစဉ်ဖြစ်ကြောင်း၊ အထက(၁)ကျောင်းသည် တရုတ်-မြန်မာချစ်ကြည် ကျောင်းဖြစ်တာကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားပြုရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်စေလိုကြောင်း၊ မိမိတို့သံရုံးနှင့် CITIC Group မှလည်းနှစ်စဉ် ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့မှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်ရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ CITIC Group မန်နေဂျင်းဒါရိုက်တာ Mr, Yuan Shao Bin က မိမိတို့ကုမ္ပဏီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တင်ဒါအောင်မြင်ထားသော ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ CITIC Group မှ ၂၀၁၈ ခုနှစ်တွင် ကျောက်ဖြူမြို့နယ်ရှိ ကျောင်းများအား ကျောပိုအိတ်နှင့် အင်္ကျီများလှူဒါန်းပေးအပ်ခဲ့ကာ ပညာသင်ထောက်ပံ့ငွေများလည်း ပေးအပ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများ (၁၀ဝ၀)ကျော်ကို တရုတ်သံအမတ်ကြီးနှင့် ကျောက်ဖြူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက တီရှပ်အင်္ကျီများပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ယင်းနောက် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့်အဖွဲ့ဝင်များနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြင့်တွေ့ဆုံကာ ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ CITIC Group မှ ဆောက်လုပ်လှူဒါန်းထားသည့် လူငယ်စင်တာအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


