၂၇ ဩဂုတ် 

City Taxi အဖြစ် မှတ်ပုံတင်ကာ စနစ်တကျ ထိန်းကျောင်းခဲ့သောကြောင့် အမှုဖြစ်စဉ် ၂၉၀ဝ အား ကူညီပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ 

"အမှုပေါင်း ၂၉၀ဝ မှာ ဒါ အမှုမျိုးစုံဖြစ်ပါတယ်၊ ကားတွေတိုက်ပြေးတာရှိတယ်၊ လူတွေကိုတင်ပြီး ထွက်ပြေးတာရှိတယ်၊ တခြားသံသယဖြစ်ဖွယ် မှုခင်းတွေရှိတယ်၊ အဲဒီလို မှုခင်းအားလုံးကို ကျွန်တော်တို့ ကူညီခဲ့တာ ဖြစ်ပါတယ်၊ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ဘာဖြစ်လို့ ကူညီနိုင်လည်းဆိုရင် City Taxi အဖြစ် မှတ်ပုံတင်ပြီးတော့ ထိန်းကျောင်းပေးလို့ ဒါတွေကို ကျွန်တော်တို့ လုပ်နိုင်တာပါ"ဟု ဦးလှအောင်က ပြောသည်။ 

ထိုသို့ City Taxi အဖြစ် မှတ်ပုံတင်ကာ စနစ်တကျ ထိန်းကျောင်းခဲ့သောကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်အထိ ပစ္စည်းပျောက်မှု၊ ရာဇဝတ်မှုအပါအဝင်  အမှုဖြစ်စဉ်ပေါင်း ၂၉၀ဝ ကို ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ City Taxi မှတ်ပုံတင်ခြင်းကို ၂၀ဝ၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အင်္ဂါရပ်နှင့်ညီသော အငှားယာဉ်များဖြစ်ရေး၊ အငှားယာဉ် စီးနင်းသူများကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှားယာဉ်များကို စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိန့်ကြေညာစာထုတ်ပြန်၍ YRTA ကိုဖွဲ့စည်းခဲ့ပြီး YRTA မှ City Taxi မှတ်ပုံတင်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ YRTA အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်း၊ သတ်မှတ်ကာလအလိုက် စီးတီးတက္ကစီမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ ပျက်ကွက်ခဲ့သည့် အငှားယာဉ် ၅၀ဝ၀ ကျော် ကျန်ရှိခဲ့သည်။

လက်ရှိတွင် အဆိုပါ City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ ပျက်ကွက်ခဲ့သည့် အငှားယာဉ် ၅၀ဝ၀ ကျော်ကို စက်တင်ဘာ ၃၀ အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိသည့် အငှားယာဉ်များကို အမိန့်ညွှန်ကြားချက်၊ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ဇူလိုင်လကုန်အထိ ၆၇၀၈၅ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ စာရင်းများအရ သိရသည်။

ငြိမ်းငြိမ်း