၂၈ ဇွန်

 


ကျွန်းသစ်ဆိုသည်နှင့်  အဖိုးတန်ပထမတန်းသစ်မှန်း တစ်ကမ္ဘာလုံးက လက်ခံထားကြပြီး ဖြစ်သည်။ အပူပိုင်း ဒေသထွက်သစ်မျိုးဖြစ်သော ကျွန်းသစ်၏ ထူးခြားသော ဂုဏ်သတ္တိများကြောင့်  “ကမ္ဘာကျော်တဲ့ ကျွန်းရွှေဝါ” ဟု    နာမည်ကျော်ကြားလွန်းလှသည်။    ကျွန်းသစ်၏ ရွှေဝါရောင်အသွေး၊  ကြံ့ခိုင်မှု၊  တည်ငြိမ်မှု၊  လှပသော အကြောနှင့် အသွင်အပြင်စသည့် များစွာသော ကောင်းကွက်များက ကျွန်းသစ်ကို  အခြားသစ်များနှင့်မယှဉ်သာအောင် လူကြိုက်များစေသည်။  ထို့ကြောင့်ပင် သမိုင်းတစ်လျှောက်  ကျွန်းသစ်ဖြင့်ပြုလုပ်သော  မည်သည့်အသုံးအဆောင်ပစ္စည်းမဆို  တန်ဖိုးကြီးမားခဲ့သည်။ ယနေ့တိုင်  ကျွန်းသစ်အပေါ်ထားသည့် လူသားတို့၏ သဘောထားအမြင်ပြောင်းလဲခြင်း မရှိပေ။ ထို့ကြောင့်ပင်ကျွန်းသစ်စီးပွားရေးသည် အကျိုးအမြတ်များပြားသော လုပ်ငန်းတစ်ခုအဖြစ်  ရပ်တည်နေဆဲဖြစ်သည်။

 

ဝယ်လိုအား မြင့်မား


၂၀ဝ၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကိန်းဂဏန်းများအရ နှစ်စဉ်ကမ္ဘာ့ကျွန်းသစ်လုံး ကုန်သွယ်မှု တန်ပမာဏမှာ  ကုဗမီတာ  တစ်သန်းကျော်ရှိပြီး  တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၄၈၇ သန်းရှိကြောင်း တွေ့ရသည်။ ကမ္ဘာပေါ်တွင်  ကျွန်းသစ်အဓိက  ဝယ်ယူတင်သွင်းသည့်နိုင်ငံများမှာ  အိန္ဒိယ၊  ထိုင်းနှင့်တရုတ်တို့  ဖြစ်သည်။ ဖော်ပြပါကာလအတွင်း အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင်ကျွန်းသစ်လုံး အများဆုံးဝယ်ယူတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၇၄ ရာခိုင်နှုန်းရှိသည်။ ယင်းနောက် ထိုင်းက ၁၆ ရာခိုင်နှုန်းနှင့် တရုတ်က ၁၀ ရာ ခိုင်နှုန်းရှိခဲ့သည်။  ၂၀ဝ၀  ပြည့်နှစ်မှစ၍    အဆိုပါ သုံးနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ ကုဗမီတာ ၅ ဒသမ ၅၇ သိန်းမှ ၁ ဒသမ ၂ သန်းအထိ နှစ်ဆကျော် တိုးတက်ခဲ့ပြီး  တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ  ၁၆၆  သန်းမှ၆၉၆ သန်းအထိ လေးဆတိုးခဲ့သည်။  ယင်းသို့ တိုးတက်မှုမှာ အဓိကအားဖြင့် အိန္ဒိယနှင့် တရုတ်တို့၏ ဝယ်လိုအား မြင့်မားလာခြင်းကြောင့် ဖြစ်သည်။

 

မြန်မာနိုင်ငံကို ကမ္ဘာ့ကျွန်းသစ် ကုန်သွယ်မှုကဏ္ဍတွင် ဟဲဗီးဝိတ်တန်း (Teak Heavyweight)အဖြစ်သတ်မှတ်ထားကြသည်။ ကမ္ဘာပေါ်တွင်  သဘာဝကျွန်းတောဧရိယာ ဟက်တာ ၂၉ သန်းအနက် ထက်ဝက်နီးပါးကို  မြန်မာနိုင်ငံက  ပိုင်ဆိုင်ထားသည်။  သဘာဝကျွန်းတောဧရိယာ  အကြီးဆုံးပိုင်ဆိုင်ထားသဖြင့် ကမ္ဘာ့ကျွန်းသစ်ထုတ်လုပ်မှုတွင်လည်း  အများဆုံးဖြစ်သည်။  မြန်မာ့  သဘာဝကျွန်းတောများသည် ကမ္ဘာ့စုစုပေါင်း ကျွန်းသစ်ကုန်သွယ်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့သည်။ ကျွန်းသစ်သည် သဘာဝအားဖြင့်အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့တွင်သာ မူရင်း ဒေသအဖြစ် ပေါက်ရောက်ရှင်သန်သည်။ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့တွင် သဘာဝတောမှ ကျွန်းသစ်ထုတ်လုပ်မှုကို တားမြစ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝတောများ ကျွန်းသစ်ထုတ်လုပ်မှုရှိနေဆဲ ဖြစ်သော်လည်း ထုတ်လုပ်မှုပမာဏ  လျှော့ချခြင်း၊  သစ်အလုံးလိုက်ပြည်ပတင်ပို့မှု တားမြစ်ခြင်းတို့ကို ဆောင်ရွက်ထားသည်။

 

ယှဉ်ပြိုင်လာမည့် အနေအထားများ


အထက်ဖော်ပြပါ  ၂၀ဝ၅  ခုနှစ်မှ  ၂၀၁၄  ခုနှစ်ကာလအတွင်း အရည်အသွေးကောင်းမွန်သော မြန်မာ့သဘာဝကျွန်းသစ်နှင့်အတူ အာဖရိကနှင့်လက်တင်အမေရိကတို့မှ စိုက်ခင်းကျွန်းများ၏  ဈေးနှုန်းသည်ပျမ်းမျှအားဖြင့်  နှစ်စဉ် သုံးရာခိုင်နှုန်းမှ  ၄  ဒသမ  ၅  ရာ ခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ သို့သော် ဈေးကွက်အလိုက် ကွဲပြားခြားနားမှုရှိသည်။ အထူးသဖြင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ကျွန်းသစ်သည် အခြားနိုင်ငံများ၏ စိုက်ခင်းကျွန်းသစ်ထက် ဈေးနှုန်းပိုမိုမြင့်မားသည်။ ပျမ်းမျှအားဖြင့်  မြန်မာ့ကျွန်းသစ်  တစ်ကုဗမီတာသည် ၂၀ဝ၅ ခုနှစ်တွင် ၆၁၅ ဒေါ်လာမှ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁၀ဝ၀ ခန့်အထိ မြင့်တက်ခဲ့သည်။ အာဖရိကနှင့် လက်တင်အမေရိကမှ စိုက်ခင်းကျွန်းသစ်မှာ အဆိုပါ ကာလအတွင်း တစ်ကုဗမီတာလျှင် ဒေါ်လာ ၃၂၀ မှ ၄၃၀ ခန့်အထိသာ မြင့်တက်ခဲ့သည်။

 

ကမ္ဘာ့ကျွန်းသစ်ဝယ်လိုအားသည်    ဆက်လက်မြင့်မားနေမည်ဟု မျှော်မှန်းရသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်ဈေးကွက်များ၏ လိုအပ်ချက်မှာ နှစ်စဉ်မြင့်မား လျက်ရှိသည်။ သို့သော် လက်ရှိအနေအထားအရ ယခင်က ကျွန်းသစ်အများအပြား ထုတ်လုပ်တင်ပို့ခဲ့သော မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု လျော့နည်းသွားရာ တိုးတက်မြင့်မားလာသော  ဝယ်လိုအားကို  ရောင်းလိုအားက  မလိုက်နိုင်တော့ပေ။ ဤအချက်သည်    ကျွန်းသစ်စိုက်ခင်းများ ထူထောင်ရင်းနှီးမြှုပ်နှံရန်  စိတ်ပါဝင်စားမှုကို  မြင့်တက်စေခဲ့သည်။  အနာဂတ်တွင်  ကမ္ဘာ့ကျွန်းသစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အပူပိုင်းဒေသရှိ ကျွန်းစိုက်ခင်းများကိုသာ အားထားရတော့မည်   ဖြစ်သည်။ ကောင်းမွန်သောစီမံခန့်ခွဲမှု အလေ့အထများဖြင့် စိုက်ခင်းကျွန်းသစ်အရည်အသွေး တိုးတက်လာမည်ဆိုလျှင် သဘာဝကျွန်းကို ယှဉ်ပြိုင်လာမည့် အနေအထားများ တွေ့ရသည်။

 

အလေးထားစီမံခန့်ခွဲ


ယခုအခါ ကျွန်းသစ်ကုန်သွယ်မှုသည် အာဖရိကတိုက်တွင် များစွာဖွံ့ဖြိုးလာသည်။  အာဖရိကတိုက်သည်ကျွန်းသစ်၏  ပင်ရင်းဒေသမဟုတ်စေကာမူ  ယခုအခါ ကို့(ထ်)ဒီဗွား၊ ဆီအားရားလီယွန်၊ နိုင်ဂျီးရီးယား၊ တန်ဇန်း နီးယားနှင့် တိုဂို စသည့်နိုင်ငံများတွင် စိုက်ခင်းများ ကျယ်ပြန့်စွာ ဖြစ်ထွန်းပေါက်ရောက်လျက် ရှိပေသည်။ အာဖရိကတိုက်တွင် ကျွန်းသစ်သည်  သစ်တောစိုက်ခင်းများတွင် အများဆုံးစိုက်ပျိုးသည့်  သစ်မျိုးဖြစ်ပြီး  စိုက်ခင်းများ၏ ၄၇ ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရသည်။ ကျွန်းသစ်စိုက်ခင်းဧရိယာအနေဖြင့် အိုင်ဗရီကို့စ်တွင်  ဟက်တာ ၂၁၀ဝ၀၊ တန်ဇန်းနီးယားတွင် ဟတ်တာ ၅၀ဝ၀ ရှိသည်။ တန်ဇန်းနီးယား ကျွန်းစိုက်ခင်းများကို ဂျာမန်လူမျိုးများက အိန္ဒိယနှင့် မြန်မာနိုင်ငံမှ    ကျွန်းမျိုးစေ့များဖြင့် ထူထောင်ခဲ့ကြသည်။  တိုဂိုတွင် ၁၉၀၅ ခုနှစ်မှစ၍ ကျွန်းသစ်စိုက်ပျိုးမှုကို  စီးပွားရေး အခွင့်အလမ်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး  စိုက်ခင်းဟက်တာ  ၅၀ဝ၀  ခန့်ရှိသည်။  အိန္ဒိယနှင့်  ဥရောပဈေးကွက်များသို့  ရောင်းချ၍ ဈေးကောင်းရရှိသည်။ နှစ်စဉ် စိုက်ခင်း ဟက်တာ ၆၅၀ ခန့် တိုးပွားလျက်ရှိသည်။ ကျွန်းသစ်စိုက်ခင်းထူထောင်ခြင်းအပေါ် အရသာတွေ့နေသော အနောက်အာဖရိကနိုင်ငံမှာ  နိုင်ဂျီးရီးယားဖြစ်သည်။ နှစ်စဉ် စိုက်ခင်းဧရိယာ တိုးချဲ့လျက်ရှိပြီး ယခုလက်ရှိ  ဟက်တာ၂၁၃၀ဝ  ရှိ၍ ကျွန်းသစ်စီးပွားရေး အထူးကောင်းမွန်နေကြောင်း သိရသည်။

 

လက်တင်အမေရိကတွင် စုစုပေါင်း ကျွန်းစိုက်ခင်း ဟက်တာ ၃၅၀ဝ၀ဝ ကျော်ရှိပြီး အီကွေဒေါ၊ ဘရာဇီးနှင့်ပနားမားတို့တွင်  ဧရိယာ    အများဆုံးရှိသည်။    ကော်စတာရီကာ၊  မက္ကဆီကိုနှင့် ကိုလံဘီယာတို့မှာ  အလယ်အလတ်ဖြစ်ပြီး  ဂွါတီမာလာ၊ နိုက်ကာရာဂွါ၊ ထရီနီဒက်၊ အယ်ဆာဗေးဒိုးနှင့် ဗင်နီဇွဲလားတို့တွင် အသေးစားစိုက်ခင်းများ  ရှိကြသည်။  ကျွန်းသစ်အရည်အသွေးမှာ  သဘာဝကျွန်းကို မမီသဖြင့် ဈေးနှုန်းအနိမ့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြရသည်။ သို့သော် အိန္ဒိယနိုင်ငံရှိ အလယ်အလတ်တန်းစားနေအိမ်များအတွက် တံခါး၊ ပြတင်း၊ ကျည်းပေါင်ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို ရရှိထားသဖြင့် ဈေးကွက်ကျယ်ပြန့်ပြီး      ဝယ်လိုအားကောင်းသည်။    သို့ဖြစ်ရာ လက်တင်အမေရိကနိုင်ငံများအနေဖြင့် နှစ်စဉ်  ကျွန်းစိုက်ခင်းများ တိုးချဲ့ခြင်း၊ အရည်အသွေးနှင့် ပမာဏတိုးတက်စေရန် အလေးထားစီမံခန့်ခွဲခြင်းတို့ကို  ဆောင်ရွက်လျက်ရှိသည်။

 

အိန္ဒိယ၊ တရုတ်နှင့် ထိုင်းတို့သည်  ကမ္ဘာ့ကျွန်းသစ ဈေးကွက်တွင် အဓိကတင်သွင်းသူ နိုင်ငံများဖြစ်ပြီး ယင်း အနက် အိန္ဒိယသည်  အကြီးဆုံးဖြစ်သည်။ အာဖရိကနှင့်လက်တင်အမေရိကမှ တင်ပို့သည့် စိုက်ခင်းကျွန်းသစ်ပမာဏ၏ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယက တင်သွင်းသည်။ အိန္ဒိယ၏ လက်ရှိ နှစ်စဉ် သစ်လိုအပ်ချက်မှာ ကုဗမီတာ ၆၄ ဒသမ ၄ သန်းခန့်ရှိပြီး Kerala Forest Research Institue မှ TEAKNET Coordinatior, Dr. P.K. Thulasidas  ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် လက်ရှိထက် လေးဆရှိမည်ဟုသိရသည်။ အိန္ဒိယသည် နိုင်ငံအတွင်းရှိ စိုက်ခင်းထွက် ကျွန်းသစ်များ၊  မြန်မာနိုင်ငံမှ  ဝယ်ယူတင်သွင်းသော သဘာဝတောထွက်ကျွန်းသစ်များ၊ အာဖရိကနှင့်  လက်တင်အမေရိကနိုင်ငံများမှ  စိုက်ခင်းကျွန်းသစ်များ စသဖြင့် အရင်းအမြစ်များစွာမှ ကျွန်းသစ်များကို သုံးစွဲနေသည့်တိုင် လုံလောက်မှုမရှိသေးပေ။

 

အထူးကြိုးပမ်းကြရမည် 


ကမ္ဘာ့ကျွန်းသစ်ဈေးကွက်အတွင်း  စိုက်ခင်းထွက်ကျွန်းသစ်ဈေးနှုန်းကို သုံးသပ်လေ့လာမည်ဆိုပါက အိန္ဒိယ နိုင်ငံဆိပ်ကမ်းများအရောက် C&F ဈေးနှုန်းများသည်အခိုင်မာဆုံးဖြစ်သည်။ Interntaional Tropical Timber Organization (ITTO) rS xkwfjyefaomTropical Timber Market Report; Vol.23, No.11 အရ  နိုင်ငံအလိုက်  စိုက်ခင်းကျွန်းသစ်ဈေးနှုန်း များမှာ တစ်ဖက်ပါအတိုင်းဖြစ်သည်။ လက်ရှိ အိန္ဒိယရူပီးနှင့် ဒေါ်လာငွေလဲနှုန်း  ခိုင်မာတည်ငြိမ်နေခြင်းကြောင့် သစ်တင်ပို့သည့် နိုင်ငံများအတွက်  အခြေအနေကောင်းမွန်ကြောင်း သိရသည်။ အဆိုပါ ဈေးနှုန်းဇယားအရ စိုက်ခင်း ကျွန်းသစ်လုံး တစ်ကုဗမီတာလျှင် အနည်းဆုံး ၂၂၅ ဒေါ်လာ မှ အများဆုံး ၈၇၆ ဒေါ်လာအထိ ရရှိသည်။ ကုဗတန်အားဖြင့်တစ်တန်လျှင် အနည်းဆုံး  ၄၀၅  ဒေါ်လာမှ  အများဆုံး ၁၅၇၉ ဒေါ်လာဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကျွန်းစိုက်ခင်းများကို  ဗြိတိသျှလက်ထက်ကပင်  စတင်တည်ထောင်ခဲ့ကြောင်း၊  ယနေ့အချိန်တိုင်အောင်    နိုင်ငံတော်အစိုးရအဆက်ဆက်ကျွန်းစိုက်ခင်း   ဧကများစွာကို  နှစ်စဉ်စိုက်ပျိုး တည်ထောင်လျက်ရှိကြောင်း        လေ့လာသိရှိရသည်။ ၂၀ဝ၅-၂၀ဝ၆ ခုနှစ်ခန့်မှစ၍ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ ထူထောင်လုပ်ကိုင်ခြင်းကို     ခွင့်ပြုခဲ့ရာ   ယခုအခါ  အဆိုပါစိုက်ခင်းများတွင်  ပင်ကျပ်နုတ်ခြင်း ဆောင်ရွက်ရန်  အချိန်တိုင်လာပြီဖြစ်ကြောင်း  သိရသည်။  မကြာသေးမီက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည်   စိုက်ခင်းထွက်ကျွန်းသစ်များ ပြည်ပတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ  စိုက်ခင်းလုပ်ငန်းရှင်များအတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်းကောင်း  အရေးပါသောဆောင်ရွက်ချက်အဖြစ်  ကြိုဆိုရမည်  ဖြစ်သည်။

 

လေ့လာတွေ့ရှိချက်များအရ  မြန်မာနိုင်ငံတွင်ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ကျွန်းစိုက်ခင်း ဧက ၁၄၃၀ဝ၀ (ဟက်တာ  ၅၇၉၀ဝ  ကျော်)  နှင့်  သစ်မာစိုက်ခင်း ဧက ၁၀၄၀ဝ၀(ဟက်တာ ၄၂၀ဝ၀ ကျော်)  ထူထောင်ထားကြောင်း သိရသည်။ စိုက်ခင်းများ၏သက်တမ်းမှာ အများဆုံး ၁၀ နှစ်မှ ၁၂ နှစ်ခန့်ဖြစ်ရာ ယ င်းစိုက်ခင်းများမှ ကနဦးထွက်ရှိလာမည့် ကျွန်းသစ်များ၏ အရည်အသွေးသည် ကမ္ဘာ့ဈေးကွက်တွင် လက်ရှိရောင်းဝယ် ဖောက်ကားနေသည့်  ကျွန်းသစ်များ၏  အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်သည်။ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှ စိုက်ခင်းကျွန်းသစ်များသည် သက်တမ်းနှစ် ၂၀ နှင့် အထက်ဖြစ်ရာ   ရ င့်ကျက်မှုတွင် သာလွန်မည်မှာ မလွဲပေ။ ပြည်ပသို့ စိုက်ခင်းကျွန်းသစ်တင်ပို့မည့်  လုပ်ငန်းရှင်များအနေဖြင့်   ဈေးကွက်၏ အခြေအနေ၊ လိုအပ်ချက်တို့ကို သိရှိအောင် လေ့လာပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အထူးကြိုးပမ်းကြရမည် ဖြစ်သည်။

 

အခွင့်အလမ်းကို အကျိုးရှိရှိအသုံးချ  


ကမ္ဘာ့ကျွန်းသစ်ဈေးကွက်ကို    လေ့လာလျှင် အိန္ဒိယနိုင်ငံသည် စိုက်ခင်းကျွန်းရောင်းချရန် မဖြစ်မနေ ရွေးချယ်ရမည့် ဈေးကွက်ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ စိုက်ခင်းကျွန်းဈေးကွက်ကို  အထူးတလည်လေ့လာသုံးသပ်ရန် လိုအပ်သည်။ ဈေးကွက်အတွင်း စိုက်ခင်းကျွန်းသစ်အသုံးချမှုကို ကောင်းစွာလေ့လာခြင်းဖြင့် မိမိတို့စိုက်ခင်းများမှ ထွက်ရှိလာမည့် ကျွန်းသစ်များ ဈေးကွက်ဝင်အောင်  ပြင်ဆင်ဖန်တီးနိုင်မည် ဖြစ်သည်။ ထို့အပြင် လတ်တလောထွက်ရှိလာမည့် ကျွန်းသစ်အတန်းအစားနှင့် အရည်အသွေးအရ ဈေးကွက်အတွင်း ရောက်ရှိနေပြီးဖြစ်သည့် ကျွန်းသစ်များကို ယှဉ်ပြိုင်နိုင်ခြင်းမရှိလျှင် ရောင်းဈေးနှုန်းတွင်လည်း လျော့နည်းနိုင်ခြေရှိကြောင်း သတိပြုရမည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့်လုပ်ငန်းရှင်များ  အကျိုးအတွက် ပြည်ပသို့တင်ပို့ခွင့်ပြုခြင်းဟူသော အခွင့်အလမ်းကို အကျိုးရှိရှိအသုံးချရန် အထူးအရေးကြီးပေသည်။   စိုက်ခင်းထူထောင်သူ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းခြင်း၊ လက်ရှိတည်ထောင်ထားသော  သစ်တောစိုက်ခင်းထူထောင်သူများအသင်းကို ထိရောက်ကျစ်လျစ်စွာ စီမံခန့်ခွဲခြင်း၊ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ   ကိစ္စရပ်များအတွက်ဈေးကွက်  သုတေသနပြုခြင်း၊  သက်ဆိုင်ရာ  အစိုးရဌာန အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ကြိုတင်ဆောင်ရွက်ကြရန် လိုအပ်သည်။ အရေးကြီးသည့်အချက်မှာ မိမိပစ္စည်း မိမိစိတ်ကြိုက်ရောင်းချရန် အခွင့်အလမ်းရပြီဖြစ်သော်လည်း  ဈေးဦးမကျိုးစေရန်မှာ   မိမိတို့၏  တာဝန်သာဖြစ်ကြောင်း    ရေးသားတင်ပြအပ်ပါသည်။   

 

မြဦးမောင်

 

ါမ၃၄