မကွေး ၂၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် စိုက်ပျိုးမြေဧက ၁၇၀၀ အကျိုးပြုမည့် သမန်းတောကျေးရွာကုန်ထုတ်လမ်း၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ယခုလ စတုတ္တအပတ်မှ စတင်ဖောက်လုပ် လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ် တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် သမန်းတောကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင် ၄ ဒသမ ၅ ဖာလုံကို အမြင့် ကျောက်ရောမြေတစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းနှင့် အရှည် ၂၀ ပေ အကျယ် ၁၄ ပေ အမြင့် ခြောက်ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၈၀ ဒသမ ၉၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟိန်းလျှံစိုးကုမ္ပဏီမှ ယခုလ စတုတ္ထအပတ်မှစတင်ကာ တာဝန်ယူ ဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီး၊ မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး နှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ ရှင်လင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ သမန်းတောကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၅၇၈ အိမ်၊ လူဦးရေ ၁၆၅၀ ဦးတို့ စိုက်ပျိုးမြေ ဧက ၁၇၀၀ အကျိုးပြုမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


