နေပြည်တော် နိုဝင်ဘာ ၁၇
စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာ ပြုလုပ်ခြင်းလက်တွေ့ သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချ နိုင်ရေးအတွက် အမှိုက်များကို မီးရှို့ခြင်းမပြုဘဲ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးတို့ကို ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် ၂၀၁၇ ခုနှစ်တွင် ပေးအပ်ချီးမြှင့်ခဲ့သော အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများဆုကို ရရှိခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် Clean City, Green City and Smart city မြို့တော်ဖြစ်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း(ကောက်ရိုးပြတ်များ၊ ပြောင်းရိုး)များအား သဘာဝမြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)