စိုက်ပျိုးရေး ၊ မွေးမြူရေး ဓါတ်ခွဲခန်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဇွန် ၉ ရက်တွင် ရန်ကုန်မြို့ အင်းစိန်ကြို့ကုန်းရှိ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ရှိသူများက စိုက်ပျိုးရေးထွက်ကုန်များ၏ ပိုးသတ်ဆေးဓါတ်ကြွင်းများစစ်ဆေးခြင်း၊ အဆိပ်သတ္တုများစစ်ဆေးခြင်း၊ မှိုအဆိပ်များ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစားအစာ ဘေးကင်းလုံခြုံရေးသည် ပြည်တွင်းစားသုံးသူများအတွက် သက်တမ်းစေ့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေး သာမက ပို့ကုန်များ၏ တန်ဖိုးနှင့် ပြည်ပဈေးကွက် အာမခံချက်ရရှိရေးနှင့်လည်း တိုက်ရိုက်ပတ်သက်နေပါကြောင်း ၊ စားရေရိက္ခာ ဖူလုံပိုလျှံရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားသောက်ကုန်များထုတ်လုပ်နိုင်ရေးအတွက် စတင် စိုက်ပျိုးသည်မှ ထုတ်လုပ်မှုအဆင့်တိုင်းတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး အတွက် ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်ရမည်ဖြစ်၍ ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်သူပညာရှင်များ တိုးပွားလာရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ဓါတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဌာနစုသို့ ရောက်ရှိပြီး တိရစ္ဆာန်အစာအာဟာရတန်ဖိုး၊ အဆိပ်အတောက်ပါဝင်မှု ဓါတ်ကြွင်းပါဝင်မှုစစ်ဆေးခြင်း၊ တိရစ္ဆာန်ဆေးဝါးကုန်ကြမ်း၊ ကုသဆေး၊ ဗီတာနင်နှင့် သတ္တုဓါတ်များ၊ ပိုးသတ်ဆေး၊ မှိုတားဆေးများကို ဓါတ်ခွဲစစ်ဆေးခြင်း၊ ပြည်တွင်း ပြည်ပ တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ စစ်ဆေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးကဏ္ဍမြင့်တက်စေရေးအတွက် နိုင်ငံတော်က ဘက်စုံကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ ပညာရှင်များအပိုင်းက ခေတ်မီနည်းပညာများ တိုးတက်အသုံးပြုနိုင်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဓါတ်ကြွင်းပစ္စည်းကင်းစင်သော မွေးမြူရေးထွက်ကုန် စားသောက်ပစ္စည်းများ ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် မိမိတို့၏ ပညာရပ်နှင့်အတွေ့အကြုံများကိုအခြေခံသော မွေးမြူထုတ်လုပ်မှု လုပ်ငန်းများအတွက် အကျိုးရှိစေမည့် အကြံကောင်း နည်းလမ်းကောင်းများကို ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများထံ ဖြန့်ဝေပေးနိုင်ရေးကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

သတင်းစဉ်