နေပြည်တော် ဇွန် ၉
မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိသူ အားလုံးတို့က မျက်ခြည်မပြတ်လေ့လာမှတ်သားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအဖြစ် ခံယူ၍ ကျရာအခန်းကဏ္ဍများက ကြိုတင်ပြင်ဆင် ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယနေ့ ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ပြုလုပ်သည့် ဌာနပေါင်းစုံပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီတိုးတက်မှုနှုန်း ကို (၂ ဒသမ ၄) ရာ ခိုင်နှုန်း ရရှိရေး လျာထားဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍမှ (၂ ဒသမ ၅) ရာခိုင်နှုန်း၊ သားငါး မှ (၂ ဒသမ ၁) ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နှစ်အလိုက် လျာထားစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးသည် အရေးကြီးသကဲ့သို့ သီးထပ်စွမ်းအား မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေဖြင့် နွေစပါးနှင့် ဆောင်းပဲတီ စိမ်းသီးနှံ များကို အကောင်အထည်ဖော်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ လိုအပ်ချက်များကို ပြန်လည် ပြင်ဆင်ပြီး လာမည့်မိုးစပါးရာသီတွင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များရရှိရေး၊ တိရစ္ဆာန် အစာပင်များ စိုက်ပျိုး၍ လှန်ကျောင်းလွှတ်ကျွေးသည့်စနစ်မှ လှောင်မွေး ရိတ်ကျွေးစနစ်ကို အားပေးရန်ဖြစ်ကြောင်း၊ အလားတူ လက်ရှိရေထွက်ပစ္စည်းထုတ်လုပ်မှုအား ဖမ်းဆီးထုတ်လုပ်ခြင်းထက် ငါး ပုစွန်မွေးမြူထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ပြောင်းလဲကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒေါက်တာတင်ထွဋ် တို့က ဆောင်ရွက်ပြီး လုပ်ငန်းအတွေ့အကြုံများကို သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနအလိုက် ဆက်လက် အကောင်အထည်ဖော် မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် လယ်ယာကဏ္ဍဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အဆင့်တာဝန်ရှိသူများက ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)