နေပြည်တော် ၁၂ သြဂုတ်
မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို "Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်" (CERP) ထောက်ပံ့မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာတွင် ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်နှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး မျိုးစေ့ထုတ် တောင်သူများကိုယ်စား တောင်သူတစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ရေသန့်စင်စနစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က စီမံကိန်းကျေးရွာများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း Type(1) Type(2) အဆင့်များခွဲ၍ သောက်သုံးရေဖူလုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work (CFW) စီမံကိန်းဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေသန့်အား FDA ၏ ထောက်ခံချက် ရရှိမှုနှင့်အတူ ရေရှည်တွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေ ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရေး အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်ရန်၊ CFW စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဌာနတာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး စီမံကိန်းတာဝန်ခံများနှင့် ကျေးရွာခေါင်းဆောင်များ၏ တင်ပြချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၌ "Covid-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်" (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash For Work (CFW) စီမံကိန်းဖြင့် မြေရော ကျောက်ရောလမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က CFW စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေမှုများနှင့် အဆင်ပြေစွာ သွားလာနိုင်ရေး ဆောင်ရွက်မှုများ၊ ကျေးရွာအလိုက် စီမံကိန်းလုပ်ငန်းများ လျင်မြန်စွာပြီးစီးရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာတွင် "Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်" (CERP) ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်