နေပြည်တော်  ၃   ဇွန်  

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဇွန် ၁ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အရှေ့ကမ်းဖြူအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မျှဝေခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်ပြီးစီးသော ၄ လက်မစက်ရေတွင်းနှင့် ဂါလန် ၁၆၀ဝ ဆံ့ ရေစုကန် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စက်ရေတွင်းနှင့် ရေစုကန်တို့အား ရပ်မိရပ်ဖတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါစက်ရေတွင်းမှာ တွင်းအနက် ပေ ၂၇၀ ရှိပြီး သုံးလုံးထိုးလေမှုတ်စက် တပ်ဆင်အသုံးပြုထားခြင်းဖြစ်ကာ တစ်နာရီလျှင် ရေဂါလန် ၁၅၀ဝ ထွက်ရှိကြောင်း၊ ထွက်ရှိလာသော ရေများ၏ ဓာတ်ခွဲစမ်းသပ်မှုအရ ကောင်းမွန်သော ရေအရည်အသွေးဖြစ်သဖြင့် ဝေးလံပြီး ရေရှားပါးလျက်ရှိသော ကျေးရွာရှိလူဦးရေ ၁၅၀ ကျော်တို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေကို သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် မျှဝေခြင်းအစီအစဉ်ဖြင့် တူးဖော်ပြီးစီးသည့် မြိုင်မြို့နယ် ညောင်ရွာကျေးရွာ သဲဆည်သောက်သုံးရေကန်အား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ညောင်ရွာကျေးရွာ သဲဆည်သောက်သုံးရေကန်သည် ကျေးရွာသူကျေးရွာသားများ၏ သောက်သုံးရေအတွက် မိုးရေကိုစုဆောင်းသိုလှောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကန်အတွင်း သဲနုန်းပို့ချမှုကြောင့် ကန်ကောလာသဖြင့် နွေရာသီတွင် ရေပြတ်လပ်မှုကြုံတွေ့နေကြရကြောင်း၊ သို့ပါ၍ ကျေးရွာသောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေမှုကို ကူညီမှုပေးနိုင်ပါရန် ကျေးရွာအကျိုးဆောင်များ ရပ်မိရပ်ဖများ၏ အကူအညီတောင်းခံမှုအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မျှဝေခြင်းအစီအစဉ်တွင် ဝန်ကြီးဌာနရှိ အရာထမ်း အမှုထမ်းများနှင့် စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းသော အလှူငွေကျပ် သိန်း ၁၂၀၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်အားဒါနတို့ဖြင့် အလျား ပေ ၈၆ဝ အမြင့်ပေ ၂၀ ရှိ ကန်ပေါင်နှင့်အကျယ်၂၅ ပေ ပါရှိသော ကျောက်စီကွန်ကရစ် ရေအဝင် လမ်း တို့ဖြင့် ရေဂါလံ ၉ ဒသမ ၄၁ သန်းမိုးရေခံသိုလှောင်နိုင်ရန် ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ သဲဆည်သောက်သုံးရေကန်တူးဖော်ပြီးစီးသဖြင့် လာမည့်မိုးရာသီတွင် မိုးရေစုဆောင်သိုလှောင်နိုင်မည်ဖြစ်ကာ အိမ်ထောင်စု၅၅၇ စုမှ လူဦးရေ ၂၉၁၂ ဦး၊ သိုး/ဆိတ်/ နွား/ ဝက် အကောင် ၈၅၀ တို့အတွက် သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်မည် ဖြစ်သည်။

 

နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရများ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ခြင်းမရှိသေးသော်လည်း ပြည်သူများ၏ လတ်တလောလိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသော မျှဝေခြင်းအစီအစဉ်မှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေ၊ ဌာနဝန်ထမ်းများ၏ ကာယဉာဏလုပ်အားဒါနတို့ဖြင့် သောက်သုံးရေ ရရှိရေး အပါအဝင် ကျန်းမာရေးပညာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများကို တောင်းဆိုမှုများအတွက် အမှန်တကယ်လိုအပ်ချက်အပေါ် စိစစ်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ 

 

(သတင်းစဉ်)