နေပြည်တော် ဇွန် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇွန် ၁၂ ရက်မှ ၁၃ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ အောင်ကြီး၊ ဒေါက်တာ တင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဦးစီးဌာနနှင့် တက္ကသိုလ်များမှ ပိုက်ကျော်ခြင်းအားကစားကို စိတ်ဝင်စားသူ ဝန်ထမ်းများ တက်ရောက် အားပေးကြသည်။
ယနေ့နံနက်ပိုင်းတွင် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုရအသင်းများနှင့် ဆုရအားကစားသမားများကို ဆုဖလားနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ရေကူး၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်းများအလိုက် ဌာနပေါင်းစုံ ပြိုင်ပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ စာသင်နှစ်အလိုက် သင်ကြားသင်ယူမှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ သတ်မှတ်စာသင်ကာလပြည့်အောင် တက်ရောက်၍ စာတွေ့လက်တွေ့ ကျွမ်းကျင်စွာ တတ်မြောက်ရေး စနစ်တကျ လေ့လာ သင်ယူရန် လိုအပ်ချက်များ၊ မိမိတို့တစ်ဦးချင်း၏ ဘဝရည်မှန်းချက်နှင့် မိဘများ၏ မျှော်လင့်ချက်များ အောင်မြင်ပြည့်စုံရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားကာ ကျောင်းသား ကျောင်းသူများအတွက် ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်