နေပြည်တော် ၂၇ သြဂုတ် 


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးချေးငွေများကို တောင်သူလယ်သမားများ အပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေရန်၂၀၁၈ ခုနှစ်၊ ဧပြီလမှစ၍ ထုတ်ချေးပေးလျက်ရှိပါသည်။


ချေးငွေအား နှစ်တိုချေးငွေသုံးနှစ်၊ နှစ်ရှည်ချေးငွေငါးနှစ်  သတ်မှတ်ပြီး နှစ်တိုချေးငွေအတွက် ကျပ်သိန်း (၅၀ဝ)အထိ၊နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း (၅၀ဝ၀)  အထိ ထုတ်ချေးပေးလျက်ရှိပါသည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၉% ဖြစ်ပြီးငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ် စိစစ်၍ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ၊ (၂၃)ရက် နေ့ထိစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ချေးငွေကို မြို့နယ်ပေါင်း (၁၁၀) ခုမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူ (၄၆၅၀)ဦးသို့ ငွေကျပ်(၁၀၄၅၂)သန်းကျော် ထုတ်ချေးထားပြီးဖြစ်ပါသည်။


ချေးငွေအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်း၊ မွေးမြူရေးလုပ်ငန်း (သို့မဟုတ်) စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော လုပ်ငန်းများ ဖြစ်ပါကလန (၃၉) ၊ ပုံစံ (၁၀၅) ၊(၁၀၆) မူရင်းနှင့်ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူ (၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုအာမခံအဖြစ် တင်သွင်းရမည် ဖြစ်ပါသည်။ ချေးငွေအတွက် အာမခံပစ္စည်းလုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်း နှင့် ဆက်သွယ်၍ ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ပါသည်။ ကျပ်သိန်း(၂၀ဝ)ထက်ပိုသော ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာ ဖြတ် အစီရင်ခံစာကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။ 


ချေးငွေရယူလိုသူများသည် ၎င်း၏အမြဲတမ်းနေထိုင်ရာ မြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲသို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်ပါသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊အမှတ်၂၆/၄၂၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ဝ၁ ၃၉၁၂၃၅ ၊ Fax - ဝ၁ ၃၈၁၇၀၃ 


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် 
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန