စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၂၆

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

ဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်း သက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း (၇၀၀) အထိ ချေးငွေများကို နှစ်တို()နှစ်၊ နှစ်ရှည် ()နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ်၊ မတ် (၁၈)ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု၊ မြို့နယ်(၁၈၇)ခုမှ တောင်သူ (၅၇၁၆)ဦး သို့ ချေးငွေကျပ် (၂၃၉၂၆၁ ဒသမ ၇၄၂) သန်း ထုတ်ချေးပေးထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုရှိ မြို့နယ်(၃၀)မြို့နယ်မှ တောင်သူ(၅၉)ဦးသို့ ချေးငွေကျပ် (၃၉၅၃ ဒသမ ၂၁၄) သန်း ထုတ်ချေးခဲ့ ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေး နိုင်ရန်နှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေ အစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ရန် လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ် ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာ ရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း  ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ  တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)