နေပြည်တော်  ၃၀  သြဂုတ် 


စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း  သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်က နေပြည်တော် ပျဉ်းမနား သုခစိုးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ၊ စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းရာတွင်လိုက်နာဆောင်ရွက်ရမည့် ကျင့်စဉ်၊ လုပ်ထုံးလုပ်နည်းများအား မျိုးစေ့ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ တောင်သူများနှင့် မျိုးစေ့လုပ်ငန်းတွင် ပါဝင်ပတ်သက်သူအားလုံးက ထဲထဲဝင်ဝင်သိရှိလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝစေခြင်း၊ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခြင်း၊ အတွေ့အကြုံနည်းပညာမျာ းဖလှယ်မျှဝေခြင်းတို့ဖြင့် ပထမအကြိမ် လက်ခံဆောင်ရွက်ရသည့် စီမံကိန်း(၅)ခုအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ယခုဒုတိယအကြိမ်လက်ခံရရှိသည့် စီမံကိန်း (၁၂)ခု၏ လုပ်ငန်းစဉ်များ အောင်မြင်စေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ (၅) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးမဲခေါင် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍအတွက် ဒုတိယအကြိမ်လက်ခံရရှိသည့် စီမံကိန်း(၁၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းကို လုပ်ငန်းစဉ် တစ်ခုအဖြစ်ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်သည်။ 


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးလုပ်ငန်းများအပြင် သီးနှံအရည်အသွေးမြင့်မား တိုးတက်ရေး၊ သုတေသနနှင့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ နည်းပညာပေးသင်တန်းနှင့် စာအုပ်စာစောင်များ ဖြန့်ဝေခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း အပါအဝင် ကော်ဖီ၊ ရာဘာနှင့် အခြားသီးနှံများ၏ မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌စိုက်ပျိုးရေး ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကများနှင့်တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မျိုးစေ့ဝယ်ယူသုံးစွဲသူနှင့်ထုတ်လုပ်သူ အကြားယုံကြည်မှု ကောင်းတည်ဆောက်နိုင်ရေးအတွက် မျိုးစေ့ဥပဒေနှင့်အညီ စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် Seed Certificate ပေးလျက်ရှိရာအရည်အသွေးစစ်ဆေးအာမခံဆောင်ရွက်သူများက အသိအမှတ်ပြု Certificate ပေးအပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။


မျိုးစေ့ဌာနခွဲအနေဖြင့်စိုက်ပျိုးရေးလုပ်ငန်း၏အဓိကအရေးကြီးသည့်မျိုးကောင်းများလွယ်ကူ စွာဝယ်ယူရရှိနိုင်သည့်အခြေအနေကောင်းများဖန်တီးပေးနိုင်ရန်၊ဈေးကွက်ကတောင်းဆိုမှုရှိသည့်မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ရာတွင် ထုတ်လုပ်နိုင်မှုဧရိယာအပေါ်မူတည်၍ မျိုးစေ့ထုတ်လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့အသစ်ထုတ်လုပ်ခြင်းကို အစိုးရကဆောင်ရွက်မည်ဖြစ်ပြီးမျိုးပွားခြင်းလုပ်ငန်းများကိုပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ပုဂ္ဂလိကကဏ္ဍမျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့်အတူနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် မျိုးစေ့ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်လျက်ရှိကြောင်း မျိုးစေ့ဌာနခွဲညွှန်ကြား ရေးမှူးဦးသီဟထွန်းက ပြောသည်။


အဆိုပါ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့်အရည်အသွေးထိန်းသိမ်းခြင်းသင်တန်းကို ၃ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်၊ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့မှမျိုးစေ့ထုတ်လုပ်ငန်းရှင်များ၊ တောင်သူများ၊ မျိုးစေ့ဌာနခွဲ၊ ကော်ဖီရာသီသီးနှံဌာနခွဲ၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာခွဲ၊သကြားထွက်သီးနှံဌာနခွဲနှင့် စိုက်ပျိုးရေးသိပ္ပံများမှ သင်တန်းသားသင်တန်းသူ ၅၆ ဦး တက်ရောက်ကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
 

သိမ့်သိမ့်မိုး

 

222