မကွေး ၃ ဇူလိုင်
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထုတ်လုပ်သောသီးနှံများကို ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ကုန်စည် ရောင်းဝယ်ဖောက်ကားမှု မှန်ကန်စွာ လည်ပတ်နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ No Profit No Loss အစီအစဉ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများမှ သမဝါယမအသင်းစုချုပ်များနှင့် ချိတ်ဆက်၍ ဆိပ်ဖြူဒေသထွက်ကုန်ကြက်သွန်နီ(လတ်ကြီး/လတ်သန့်) ပိဿာချိန် (၁၈၀၀၀) ကျော်အား တစ်ပိဿာလျှင် ငွေကျပ် ၄၉၀ နှုန်းဖြင့် ဝယ်ယူကာ ယင်းဒေသများရှိ အသင်းသား ပြည်သူများအား သက်သာစွာ စားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပခမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီပိဿာချိန်(၁၀၀၀၀)ကို ရန်ကုန်တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရေးအတွက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


