နေပြည်တော် နိုဝင်ဘာ ၂၂

မြန်မာ့စက်ဘီးအားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း (အဆင့်-၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်(UCI)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ယခုစက်ဘီး အားကစားနည်းပြ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစား နည်းသည် အိုလံပစ်အားကစားနည်း တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများနှင့် နည်းပြများ ရှားပါးလာသည့်အတွက် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အပြီးတွင် နောက်ထပ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး အတွက် ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တွန်းအားပေး ဆောင် ရွက်လျက်ရှိပါကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်းအားကစား ပြိုင်ပွဲများအပြင် နိုင်ငံတကာ အားကစားအတွေ့အကြုံများ ရရှိစေရန်အတွက် ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းစက်ဘီးပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားသမားများကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရသည့် နည်းစနစ်ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်