စကောကရင်နှင့် အနောက်ပိုးကရင်များအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ ထုတ်ဝေနိုင်ရေး ဆွေးနွေး

ရန်ကုန် ၂၃ ဇူလိုင်

 


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ တာဝန်ရှိသူများအား ဇူလိုင် ၂၂ ရက် မွန်းလွဲ(၁)နာရီခွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

 


အစည်းအဝေးတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများအတွက် သင်ကြားမှုစိစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပေးပို့ခဲ့သော သင်ရိုးရေးဆွဲရေးဆိုင်ရာ အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် အမျိုးသားပညာရေး ဥပဒေအရ Language Policy ၊ Local Curriculum တို့နှင့် ပတ်သက်၍ သုံးသပ်ချက်များအား တင်ပြရန်၊ ချည်ဖြူဖွဲ့ပွဲတော် ကျင်းပနိုင်ရေးအတွက် တည်နေရာနှင့် သယ်ယူပို့ဆောင်ရေး၊ ကျွေးမွေးဧည့်ခံရေး ကိစ္စများနှင့် စပ်လျဉ်း၍ လျာထားဘတ်ဂျက်များအား တင်ပြရန်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအတွက် တိုင်းမြေဝယ်ယူရေးကိစ္စ၊ သူငယ်တန်းနှင့် ပထမတန်း စကောကရင်နှင့် အနောက်ပိုးကရင်များအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ ထုတ်ဝေနိုင်ရေးကိစ္စတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

 


ထို့နောက် ဝန်ကြီးအား ခရိုင်နှင့် မြို့နယ်အလိုက် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

 


ဆန်းကျော်ဦး (ပြန်/ဆက်)