ဟင်္သာတ  ၂၃  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် (၁၁)ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးခြင်းကို ယနေ့နံနက်က မိုးကောင်းပရိယတ္တိစာသင်တိုက်ကြီးအတွင်းရှိ အဆိုပါ ဖောင်ဒေးရှင်း မျက်စိခွဲစိတ်ကုသဆောင်တွင် ကုသပေးနေကြောင်း သိရသည်။


“မျက်စိဝေဒနာရှင်တွေသိအောင် ကျွန်တော်တို့က မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေသိအောင် လိုက်လံကြေညာပေးထားတယ်၊ နယ်ဘက်ကျေးရွာတွေကိုတော့ ကျေးရွာအုပ်စုအုပ်ချုပ်မှူးတွေ၊ ပရဟိတအဖွဲ့တွေကူညီမှုနဲ့ ပြည်သူတွေသိအောင် လုပ်ထားတယ်၊ ဟင်္သာတခရိုင်ဆိုပေမယ့် အခြားတိုင်းဒေသကြီး၊ မြို့နယ်တွေက လာရောက်ကုသသူများကိုလည်း ကုသပေးနေကြောင်း စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးသန်းထွန်း"ပြောပြချက်အရ သိရသည်။


“ကားဂိတ်၊ ရထားဘူတာရုံနဲ့ ရေလမ်းကြောင်းမှ မျက်စိပြသရန်လာရောက်သူတွေကို ကြို/ပို့ ယာဉ်များနဲ့ ပို့ဆောင်ပေးတယ်၊ ခွဲစိတ်ကုသရန်လာရောက်တဲ့ လူနာနဲ့ လူနာစောင့်တစ်ယောက်အတွက် ထမင်းထုပ်များပေးဝေပါတယ်၊ ပြန်ရန်အခက်အခဲရှိသည့် လူနာများအတွက် ညပိုင်းတည်းခိုနေထိုင်ရန် မိုးကောင်းကျောင်းတိုက် သုံးထပ်ဆောင်အောက်ထပ်တွင် စီစဉ်ပေးထားကြောင်း” စက္ခုပါလာဒိဖောင်ဒေးရှင်း ဘဏ္ဍာရေးမှူး ဦးဝင်းဇော်ထံမှ သိရသည်။


ယင်းမျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသခြင်းကို မိုးကောင်းကျောင်းတိုက်ဆရာတော်ကြီး၏ သြဝါဒကိုခံယူ၍ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ သီရိပျံချီဦးဌေးဦး၏ ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့များက အနီးကပ်ကြီးကြပ်၍ ကရုဏာလုလင်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဒေသခံလူမှုရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မွန်းလွဲပိုင်းအချိန်ထိ ဟင်္သာမြို့နယ်အတွင်းမှ မျက်စိဝေဒနာရှင် ၈၅၀ ကျော် နှင့် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်မှ သံဃာတော်များအပါအဝင် လူနာ ၁၅၀ ကျော်ကို စမ်းသပ်ခွဲစိတ်ကုသပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမဲ့ကုသခြင်းကို သြဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နယ်ပယ်ဒေသအသီးသီးမှ မျက်စိဝေဒနာရှင်များ လာရောက်စာရင်းပေး ကုသနိုင်ကြောင်း သိရသည်။


ကျော်ကျော်(ပြန်/ဆက်)

 

1