နေပြည်တော်  ၃၀  မေ 
    

“စက်မှုဇုန် ဥပဒေကြမ်း”နှင့်စပ်လျဉ်းသည့် ကြားနာမှုအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်  တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

 

mdn


    

ယင်းနောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍လည်းကောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဉီးဝင်းသိန်းဇော်က စက်မှုဇုန်ဥပဒေကြမ်း ရေးဆွဲရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
    

ထို့နောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ စက်မှုဇုန်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စားပြုပုဂ္ဂိုလ်(၃)ဉီး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စား ပြုပုဂ္ဂိုလ်(၂)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စားပြုပုဂ္ဂိုလ် (၁)ဉီး တို့က စက်မှုဇုန်လုပ်ငန်းအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် မူဝါဒများ နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 
    

အခမ်းအနားသို့ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 

(သတင်းစဉ်)