နေပြည်တော် ဇွန် ၆

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီဝင်များ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ကောင်စီရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တည်ထောင်ပြီး စက်မှုဇုန် (၂၈) ဇုန်၊ စက်မှု ရပ်ကွက် (၅) ခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်း (၂) ခု ရှိကြောင်း၊ အဆိုပါ စက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့် အကြီးစား စက်မှု လုပ်ငန်းပေါင်း (၇,၉၇၂) ခု ရှိပြီး လုပ်သားပေါင်း (၅)သိန်းကျော်ကို အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသော လုပ်ငန်း များရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက် ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန် အသစ်များ တည်ထောင်ရန်နှင့် တည်ထောင်ထားရှိသော စက်မှုဇုန်များ စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာနဖြစ်ကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျ ထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များ အား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှု လုပ်ငန်းများအား စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွား တိုးတက်စေရန်ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီအနေဖြင့် ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အတွက် အလားအလာရှိသော လုပ်ငန်းများကို လက်တွေ့ ကျကျ စီမံဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန် ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေဆိုင်ရာများ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းမှု၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှုဇုန်အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန် စီမံကိန်းများတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်က ဒက္ခိဏသီရိစက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်အသစ်များ ထပ်မံဖော်ဆောင်မည့် အခြေအနေကိုလည်း ကောင်း၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဒက္ခိဏသီရိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌတို့က ဒက္ခိဏသီရိစက်မှုဇုန်၏ လုပ်ငန်းလည်ပတ်နေမှု တို့ကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်