မန္တလေး ၁၇  ဩဂုတ်

 

Covid-19 Economic Relief Plan(CERP) အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး  မတ္တရာမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် ၄၃ စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကို အဆိုပါမြို့နယ်ရှိ ငါးလုံးပြွန်ကျေးရွာနှင့် ငွေပုံကန်ကျေးရွာတို့တွင် ဧက ၁၆၀  တာဝန်ယူ၍ ဇူလိုင်လမှစတင် စိုက်ပျိုးခဲ့ရာ လက်ရှိတွင် သတ်မှတ်စိုက်ဧက၏ ၉၅ ရာခိုင်နှုန်းကို စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေးခြင်းကို မတ္တရာမြို့နယ်ရှိ အဆိုပါ ကျေးရွာ ၂ ရွာတွင် ဧက ၁၆၀ အနက် လက်ရှိတွင် လက်ကောင်းကြီး ကျေးရွာအုပ်စု ငါးလုံးပြွန်ကျေးရွာရှိ စနစ်ကျ လယ်ယာမြေဧက ၁၀၀ စိုက်ခင်းတွင် ၉၄ ဧကကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးပြီးဖြစ်ကြောင်း မတ္တရာမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးက ပြောသည်။

 

“တောင်သူတွေအနေနဲ့  အခုလို ကိုဗစ်-၁၉ ကာလမှာ မိုးစပါးစိုက်ပျိုးဖို့ လယ်ယာလုပ်သား ရှားပါးမှုကြောင့် စိုက်ပျိုးဖို့ အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကူညီထောက်ပံ့တဲ့အနေနဲ့ ကောက်စိုက်စက်တွေနဲ့ စိုက်ပျိုးပေးနေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ CERP အစီအစဉ်နဲ့ ကျွန်တော်တို့ စက်မှုလယ်ယာ ဦးစီးဌာနက ကောက်စိုက်စက်နဲ့ မိုးစပါးတွေကို စိုက်ပျိုးပေးတဲ့အတွက် မျိုးစပါး ကုန်ကျမှုနဲ့ စိုက်ပျိုးစရိတ်တွေ သက်သာတဲ့အပြင် နုန်းမြေဖိုးနဲ့ ပိုးသတ်ဆေးဖိုးတွေလည်း ထောက်ပံ့ကူညီပေးတဲ့အတွက် တောင်သူတွေအနေနဲ့ တစ်ခါမှမကြုံဘူးသေးတဲ့ ထောက်ပံ့မှုတွေ ရရှိကြလို့ ကျေနပ်နေကြတယ်။ လာမယ့်ရာသီတွေမှာလည်း ဒီကောက်စိုက်စက်တွေနဲ့ပဲ စိုက်ပျိုးသွားမယ်လို့ ပြောဆိုသံကို ကြားနေရတယ်” ဟု ၎င်းက ပြောသည်။

 

ကောက်စိုက်စက်ဖြင့် ဧက ၁၀၀ တွင် မိုးစပါးစိုက်ပျိုးပေးနေသည့် ငါးလုံးပြွန်ကျေးရွာမှ တောင်သူ ဦးမောင်ညိုကလည်း “အခုလို မိုးစပါးတွေကို ကောက်စိုက်စက်နဲ့ စိုက်ပျိုးပေးတဲ့အတွက် ငွေကုန်သက်သာတဲ့အပြင် လူအင်အားလည်း အများကြီး မသုံးရလို့  ကျွန်တော်တို့ တောင်သူတွေ အကျိုးအများကြီး ရှိပါတယ်။ ကောက်စိုက်စက်နဲ့ စိုက်ပျိုးတဲ့အားသာချက်က ကောက်ပင်တွေသန်မာပြီး အပင်ကြီးထွားမှု မြန်ဆန်လာတာကို တွေ့ရတယ်။  အခုလို ကျွန်တော်တို့ရွာမှာ ကောက်စိုက်စက်နဲ့ မိုးစပါးတွေ ကူညီစိုက်ပျိုးပေးတဲ့ စက်မှုလယ်ယာဦးစီးဌာနကို အထူးကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

 

စက်မှုလယ်ယာဦးစီးဌာနမှ Covid-19 Economic Relief Plan(CERP) အစီအစဉ်အရ တောင်သူများအတွက် ကောက်စိုက်စက်ဖြင့် မိုးစပါးများ စိုက်ပျိုးပေးခြင်းအပြင် ဆက်လက်၍လည်း ကြားပေါင်းလိုက်ခြင်းအတွက် လုပ်အားခနှင့် ဆီဖိုးကုန်ကျစရိတ်များကို ထောက်ပံ့ပေးမည် ဖြစ်သည့်အပြင် မိုးသီးနှံထွန်ယက်ရန် ခက်ခဲနေသည့် တောင်သူများအတွက်လည်း ထွန်စက်ကြီးများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)