ကျောင်းကုန်း  ၂၁ မေ


၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော စနစ်တကျလယ်မြေ ဧက  (၁၅၀) အား တောင်သူများမှ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာ ၌ ယနေ့နံနက် ၈ နာရီအချိန် ကျင်းပခဲ့သည်။


အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးဌာနမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မွန် က ပြည်ထောင်စုရန်ပုံငွေဖြင့် စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲဆန္ဒနယ် အမှတ်(၁)(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ဝမ်းမြောက်စကားများ ပြောကြားခဲ့ကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက လယ်သမားများ တစ်သီးစားမှ နှစ်သီးစား စိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးရရှိမှာဖြစ်ကြောင်း ပြောကြားပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေရင်းအမြစ်)ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း က ရေသွင်းမြောင်းအခြေအနေ ရှင်းလင်းပြောကြားခဲ့သည်။


စနစ်တကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးဦးဇော်ဇော် က လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး၊တောင်သူများကိုယ်စား တောင်သူတစ်ဦးအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ရေသွင်းမြောင်းများ၊ ကုန်ထုတ်လမ်းများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ စနစ်တကျလယ်မြေ ဧက(၁၅၀) ကို တောင်သူ (၂၃)ဦး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)