နေပြည်တော် ဖေဖော်ဝါရီ ၂၇
စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၇)ရှိ ထီး(၃)လက် ဘုရားကုန်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းတို့မှ ဝန်ထမ်းများ၏ ထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ရိုးရာဓလေ့ကို ထိန်းသိမ်းရန်၊ ဝန်ထမ်းများ၏ စိတ်ပင်ပန်းနွမ်းနယ်နေမှုများကို ဖြေလျော့ပြေပျောက်ပြီး အားအင်သစ်များရရှိစေရန်၊ လုပ်ငန်းခွင် ပျော်ရွှင်စေရန်၊ လုပ်ငန်းတာဝန်များကို ယခင်ကထက် ပိုမိုစွမ်းဆောင်လာနိုင်စေရန်၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန်နှင့် အချင်းချင်းစည်းလုံး ညီညွှတ်ပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြစ်ပေါ် ခိုင်မာအားကောင်း လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)