တပ်ကုန်း  ၁၅   မေ  
        
       
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း၊ကံ့ကော်ပန်းအဝိုင်း အနီး ရန်အောင်မြင်ကုန်းတော်ပေါ် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များသည်  မေ ၁၄ ရက်နေ့က တောင်ငူမြို့မှ တပ်ကုန်းမြို့သို့ ဒေသစာရီ ကြွချီလာခဲ့သည်။  
      

ယင်းနေ့တွင် တောင်ငူမြို့မှ လမ်းတစ်လျှောက်မြို့များနှင့် နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိ မြို့နယ်ထိ အပူဇော်ခံကြွချီလာသော စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့်ရွှေထီးတော်များကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်၊ တိုင်း/ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာများ ၊ မြို့မိ မြို့ဖများ၊ ဘာသာရေး၊ လူမူရေးအသင်းအဖွဲ့များ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဖူးမြော်ကြိုဆို၍ အပူဇော်ခံထားရှိမည့် တပ်ကုန်းမြို့ဗုဒ္ဓသာသနာပြုဗိမာန်တော်ရှေ့  ယာယီမဏ္ဍပ်သို့ အတီးအမှုတ်နှင့် စည်တော်ကြီးဖြင့် ပင့်ဆောင်ပူဇော် ကြည်ညိုကြသည်။
      

ထို့နောက် ည ၇နာရီခွဲတွင် အောင်ဆန်းခန်းမ၌ ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေထီး တော်နှင့်ငှက်မြတ်နားတော်များ ပင့်ဆောင်ပူဇော်ခြင်းအထိမ်းအမှတ် တရားပွဲကျင်းပရာ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က  ငြိမ်းချမ်းရေးတရားတော် ဟောကြားချီးမြှင့်ပေး၍ တပ်ကုန်းမြို့နယ် အတွင်းမှ တရားပွဲလာရောက်သည့် ဒေသခံပြည်သူ(၅၄၀ဝ)ဦးခန့်က တရားတော်ကို နာယူကြည်ညိုပြီး၊ စေတနာရှင်ပြည်သူများ လှူဒါန်းသည့်ငွေ(၁၃၆ ၃၆၁၅၀)ကျပ်နှင့်နားကပ်နှစ်ရံ၊ လက်စွပ် တစ်ကွင်းအား ပေးအပ်လှူဒါန်း၍ ရေစက်ချအမျှပေးဝေခဲ့သည်။
        

ယနေ့ နံနက် ၇နာရီက  စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို တပ်ကုန်းမြို့၌ မြို့တွင်းရန်ကုန်-မန္တလေးလမ်း၊ အောင်မာဃလမ်း၊ အောင်သီဟ လမ်း၊ စကားဝါလမ်းအတိုင်း လှည့်လည်အပူဇော်ခံပြီး နေပြည်တော် ဒက္ခိဏခရိုင်၊လယ်ဝေးမြို့သို့ ဒေသစာရီ ကြွချီကြောင်း တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1