ပဲခူး ၃၀ သြဂုတ်
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး တိုင်းရောင်းဝယ်ရေးအရာရှိ ဦးလရော် ဦးဆောင်သော Task Force ကြပ်မတ်ရေးအဖွဲ့သည် သြဂုတ် ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ မီးဘေးအန္တရာယ်ကြီးမားသော Battery Pump အပါအဝင် တရားမဝင်စက်သုံးဆီအရောင်းဆိုင်များရှိ/မရှိ ကွင်းဆင်းစစ်ဆေးပေးသည်။
"တိုင်းရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စက်သုံးဆီဈေးကွက်အပေါ်မူတည်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသော တရားဝင်လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်သုံးဆီအခြင်အတွယ် ပြည့်မီကိုက်ညီရေးနှင့် Battery Pump အပါအဝင် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီအရောင်းဆိုင်များ ပပျောက်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း" တိုင်းရောင်းဝယ်ရေးအရာရှိ ဦးလရော်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တရားဝင်လိုင်စင်ရ ဆီဆိုင် ၂၅၆ ဆိုင်ရှိပြီး ပဲခူးခရိုင်အတွင်း ငါးဆိုင်၊ တောင်ငူခရိုင်အတွင်း ငါးဆိုင် စစ်ဆေးဆောင်ရွက်ပြီးနောက် သာယာဝတီခရိုင်နှင့် ပြည်ခရိုင်ရှိ စက်သုံးဆီဆိုင်များအား ဆက်လက်စစ်ဆေးဆောင်ရွက်သွားဖို့ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


