နေပြည်တော် ဒီဇင်ဘာ ၁၁
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) ၌ ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလသည် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရာဘာထွက်ကုန် အစရှိသော အဓိကပို့ကုန်အမယ်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်ကာလဖြစ်ကြောင်း၊ ပြည်ပသို့ ပို့ကုန်တင်ပို့ရာမှ ပို့ကုန်ရငွေများအား သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဝင်ရောက်စေရေး ကြပ်မတ်ဆောင် ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့မည့် ပို့ကုန်များထုတ်လုပ်သော စက်မှုဇုန် များရှိ စက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရေး ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ဗဟိုကော်မတီအနေဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်သွယ်မှု လွယ်ကူလျှင်မြန်ချောမွေ့စေရေးနှင့် ပြည်ပသို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ငွေကြေးမူဝါဒများ ပြောင်းလဲချမှတ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေး၊ ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများ စက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များအပြင် အချို့ တိုင်းဒေသကြီး ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ ပို့ဆောင်ရောင်းချ ပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကြောင့် ပိုမိုဝယ်ယူစုဆောင်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်ကထက် ဝယ်လိုအားပိုမိုမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆီဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စက်သုံးဆီများ တရားမဝင် ရောင်းချမှုမရှိစေရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်၍ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိပြီး ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်စေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီများနှင့်ပတ်သက်၍ ပို့ကုန်ရငွေများ အပြည့်အဝပြန်လည်ရရှိစေရေး ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူး ဖိတ်ကြားထားသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေး တင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်