မကွေး စက်တင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံထောက်ပံ့ဆောင်ရွက်မှု၊ မင်းဘူး(စကု)မြို့နယ်မှ စေတနာရှင် အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းထောက်ပံ့မှုဖြင့် စကုမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီက စကုမြို့၊ ရွှေပန်းရုံကျောင်းတိုက် သုခကာရီဓမ္မာရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မင်းဘူး(စကု)မြို့နယ်မှ စေတနာရှင် အလှူရှင်များ တက်ရောက်၍ ရပ်ကွက်နေပြည်သူများထံ အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးတင့်လွင်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံထောက်ပံ့ ဆောင်ရွက်မှုအပြင် မင်းဘူး(စကု)မြို့နယ်မှ စေတနာရှင် အလှူရှင်များဖြစ်သည့် နဂါးနီစီးပွားရေးလုပ်ငန်းစု တည်ထောင်သူ ဒေါက်တာသန်းထိုက်ရှိန် မိသားစု၊ ရွှေမန်းမုန့်တိုက်နှင့်  ဦးတင်မြင့်နှင့် ညီအကိုများ၊ No-1 ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် သောက်ရေသန့် ဒေါ်ဌေးဌေး မိသားစု၊ စိန်သုံးလုံး ကုမ္ပဏီလီမိတက် ဦးထက်အောင်ဇော် မိသားစုနှင့် လင်းလက်အောင် ကုမ္ပဏီလီမိတက် ဦးရဲကြည် မိသားစုတို့မှ ပူးပေါင်းထည့်ဝင်ကာ စကုမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်မှ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား အခြေခံစားသောက်ကုန်များနှင့် ကိုဗစ်ကာကွယ်ရေးသုံး နှာခေါင်းစည်း Mask တို့ကို လာရောက်ထောက်ပံ့ လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် စကုမြို့၊ မြို့ပေါ် (၃)ရပ်ကွက်မှ စားသောက်ရေး အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀၀)တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ကြက်သွန် (၂၅)ကျပ်သား၊ ဆီ (၃၀)ကျပ်သား၊ ကုလားပဲ (၃၀)ကျပ်သား၊ ဆား (၅၀)ကျပ်သားနှင့် Mask (၁၀)ခုတို့အား ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြည်သူများမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ စေတနာရှင် အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုလို အခက်အခဲဖြစ်ပေါ်နေချိန်တွင် ထောက်ပံ့ပေးမှုအတွက် ဝမ်းမြောက်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် စကုမြို့ အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့အုပ်ချုပ်ရေးမှူးတို့၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် စကုမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေး စကားပြောကြားကာ အလှူငွေနှင့် အာဟာရ စားသောက်ဖွယ်ရာများအား လူနာတစ်ဦးချင်းထံ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

 

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး အရှေ့ကွင်းသို့ ရောက်ရှိပြီး ကွင်းအမှတ်(၁၂၈၄)၊ ဧရိယာ(၁၃ ဒသမ ၇၃)ဧက တောင်သူ ဒေါ်သန်းသန်းဌေး၏ အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်း၌ စက်မှုလယ်ယာ စံပြစိုက်ခင်း ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တောင်သူ ဒေါ်သန်းသန်းဌေးတို့အား   စံပြစိုက်ခင်း ရေရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ