နေပြည်တော် နိုဝင်ဘာ ၁၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ KSP အစီအစဉ်တွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ စသည့် CLMVT ၅ နိုင်ငံတို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs) ဖွံ့ဖြိုးရေးအတွက် အီလက် ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် (E- Commerce) ဆိုင်ရာ မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာများ ရေးဆွဲနိုင်ရေး အတွက် လေ့လာခဲ့မှုများကို မျှဝေ ဆွေးနွေးမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့သည် ၂၁ ရာစု၏ Digital Age သို့ရောက်ရှိနေသဖြင့် အဓိကလိုအပ်ချက်သည် သတင်းအချက်အလက်နှင့် နည်းပညာ (Information and Technology-IT) ပင်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် E-Commerce ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြု လာကြသည် သာမက ငွေပေးချေရာတွင် Digital Payment စနစ်များကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရှိရပါကြောင်း၊ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro Small and Medium and Enterprise- MSMEs ) တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP တိုးတက်လာပြီး စီးပွားရေး အရှိန်အဟုန် တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဆွေးနွေးတင်ပြသူ အနေဖြင့် CLMVT နိုင်ငံများဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အခြေခံ အဆောက်အအုံ၊ အင်တာနက်နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် တိုးတက်နေပြီဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏ SMEs လုပ်ငန်းများအခြေအနေနှင့် E- Commerce ဆက်သွယ်ချိတ်ဆက်မှုကို ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန်နှင့် မိမိနိုင်ငံအတွက် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး လိုအပ်ချက်များကိုပါ ထည့်သွင်းဆွေးနွေးပေးရန်နှင့် တက်ရောက်လာကြသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်က “CLMVT နိုင်ငံများရှိ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် E-commerce ဆိုင်ရာမူဝါဒဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာ များ ရေးဆွဲနိုင်ရေး သင်တန်းသို့တက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non- Tariff Measures) နှင့်စပ်လျဉ်း၍ လည်းကောင်း၊ MSME နှင့် E-commerce ချိတ်ဆက်မှုတွင် MSME များ၏ ထုတ်ကုန်ကို နိုင်ငံတကာ အရည်အသွေးအဆင့်မီ ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် Online Platform အသုံးပြုနေမှုနှင့်စပ်လျဉ်း၍လည်းကောင်း ဖြည့်စွက်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိများနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
(သတင်းစဉ်)